အင်ဒိုနီးရှားတွင် သင်္ဘာတစ်စင်း မီးလောင်၊ လူ ၁၃ ဦး‌ ထက်မနည်းသေဆုံး

0
176

မိုမေ့ရေ၊ အောက်တိုဘာ ၂၅

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင် အောက်တိုဘာလ ၂၄ ရက် တနင်္လာနေ့၌ လူရာနှင့်ချီ တင်ဆောင်လာသော သင်္ဘောတစ်စင်း မီးလောင်ခဲ့ရာ  လူ ၁၃ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း သယ်ယူပို့ဆောင်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ကေအမ် အိတ်စ်ပရက်စ် ကန်တီကာ ၇၇ အမည်ရ သင်္ဘောတစ်စင်းသည် အရှေ့ နူဆာ တန်ဂါရာ ပြည်နယ်ရှိ တီမော ကျွန်းကမ်းလွန်တွင် မီးထလောင်ခဲ့ပြီး  စိုးရိမ် လွန်နေ ကြသော ခရီးသည်များမှာ လှေပေါ်မှ ခုန်ချခဲ့ကြသည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ခရီးသည်နှင့် အမှုထမ်း ၂၅၄ ဦးအနက် ၂၄၁ ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း အရှေ့ နူဆာ တန်ဂါရာ၏ သယ်ယူပို့ဆောင်ရေး အေဂျင်စီ အကြီးအကဲ အားစယက် နူကာ က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

“လူဆယ့်သုံးယောက်သေတယ်။ ကျန်တဲ့ ၂၄၁ ယောက်လုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားပါတယ်” ဟု နူကာ က ဆိုသည်။ မီးလောင်ရသည့် အကြောင်းရင်းကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

ဒေသတွင်း ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အေဂျင်စီ အကြီးအကဲ အီ ပုတု ဆူဒါရာနာ က သေဆုံးသူ ၁၄ ဦး ရှိကြောင်း ပြောကြားခဲ့သည်။

အရှေ့ နူဆာ တန်ဂါရာ ပြည်နယ်၏ မြို့တော် ကူပန်မှ အလော ကျွန်းပေါ်ရှိ ကောလဘိုင် မြို့သို့ ရွက်လွှင့်နေစဉ် သင်္ဘာကုန်းပတ်၏ ထိပ်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။

အာဏာပိုင်များက ကယ်ဆယ်ရေး လှေသုံးစင်းကို စေလွှတ်ခဲ့ပြီး ဒေသခံ ငါးဖမ်းသမားများကလည်း ၎င်းတို့၏ လှေများဖြင့် သွားရောက်ကာ ရှာဖွေရေး လုပ်ငန်းများကို ကူညီခဲ့သည်။

မီးလောင်မှုနှင့် ပြင်းထန်သော ရေစီးကြောင်းများကြောင့် ကယ်ဆယ်ရေးသမားများသည် သင်္ဘောအနီးသို့ ချဉ်းကပ်ရန် ရုန်းကန်ခဲ့ရကြောင်း နူကာက ပြောကြားခဲ့သည်။

အသက်ရှင်ကျန်ရစ်သူအချို့မှာ တုန်လှုပ်ချောက်ချားမှုကြောင့် ဆေးရုံတွင် ကုသမှု ခံယူရမည်ဖြစ်ပြီး သေဆုံးသူများကို မည်သူမည်ဝါ ဟူ၍ ဖော်ထုတ်ရန်အတွက် ကူပန် ရဲဆေးရုံသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here