ယုဂန္ဓာ မျက်မမြင်ကျောင်း မီးလောင်၊ ကလေးငယ် ၁၁ ဦး သေဆုံး

0
174

ယုဂန္ဓာနိုင်ငံရှိ မျက်မမြင်ကျောင်းတစ်ကျောင်းမှ အိပ်ဆောင်တစ်ခုတွင် အောက်တိုဘာလ ၂၅ ရက် အင်္ဂါနေ့ နံနက်အစောပိုင်း၌ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆောင်အတွင်းရှိ ကျောင်းသူ ၁၁ ဦး မီးထဲပါ၍ သေဆုံးသွားကြောင်း သိရသည်။

အိပ်ဆောင်၏ ပြတင်းပေါက်များကို သူခိုးရန်မှ ကာကွယ်ရန်အတွက် မဖောက်ထွင်းနိုင်အောင် ပြုလုပ်ထားသောကြောင့် လူငယ်လေးများသည် အဆောင်တွင်း ပိတ်မိနေခဲ့ပြီး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့ခြင်းမရှိကြောင်း အစိုးရဝန်ကြီးဌာနက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ်ဆိုးသည် မြို့တော် ကမ်ပါလာ၏ အရှေ့ဘက်၊ မူကိုနို ခရိုင်ရှိ ဆာလမာ မျက်မမြင်ကျောင်းတွင် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျောင်းသားတွေဟာ မမှတ်မိနိုင်လောက်အောင် မီးလောင်ဒဏ်ကို ခံစားခဲ့ရပြီး ဘယ်သူဘယ်ဝါ ခွဲခြားနိုင်ဖို့အတွက် သူတို့ရဲ့ ဒီအန်အေတွေကို စစ်ဆေးမှုတွေ လုပ်သွားမှာပါ” ဟု မူကိုနို ခရိုင်လုံခြုံရေး အကြီးအကဲနှင့် သမ္မတရုံး ကိုယ်စားလှယ် Fatuma Ndibasa က အေအက်ဖ်ပီသို့ ပြောသည်။ 

မီးလောင်ခဲ့သည့် အိပ်ဆောင်တွင် မိန်းကလေး ၂၁ ဦး နေထိုင်ခဲ့သည်ဟု ၎င်းကဆိုသည်။ “ဒါပေမယ့် သုံးဦးက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့တယ်၊ ခြောက်ဦးကတော့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အခြားမိန်းကလေးတစ်ဦးက ဒဏ်ရာအနည်းငယ်ပဲ ရရှိခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။

အစောပိုင်းတွင် ဝမ်းနည်းပူဆွေးနေသော ဖခင်တစ်ဦးက မီးလောင်မှုကြောင့် သားဖြစ်သူကို ဆုံးရှုံးခဲ့ရကြောင်း အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ကျောင်းရှိ ချို့တဲ့သော ယောက်ျားလေး အချို့သည် မီးလောင်ကျွမ်းရာ အဆောင်ဘေးရှိ အခန်းတစ်ခုတွင် အိပ်နေကြသောကြောင့် အာဏာပိုင်များက မည်သူမည်ဝါ သေဆုံးခဲ့သည်ကို ဖော်ထုတ်ရန် ကြိုးစားနေဆဲဖြစ်ကြောင်း မျက်မမြင်ကျောင်းအုပ်ကြီး Francis Kirube က ဆိုသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here