မြောက်ကိုရီးယားက နျူစမ်းသပ်မှုပြုလုပ်လျှင် မကြုံစဖူး တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်: အမေရိက၊ ဂျပန်၊ တောင်ကိုရီးယား

0
151

တိုကျို၊ အောက်တိုဘာ ၂၆

အမေရိက၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုသည် မကြုံစဖူး ပြင်းထန်သည့် တုံ့ပြန်မှုများနှင့် ကျိန်းသေ ရင်ဆိုင်ရမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် သတိပေးခဲ့သည်။

တိုကျိုမြို့တွင် ကျင်းပခဲ့သော ဆွေးနွေးပွဲအပြီး နိုင်ငံသုံးနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးများက ဒေသတွင်းရှိ ၎င်းတို့၏ ဟန့်တားမှုများကို တိုးမြှင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားကို သူ့ရဲ့ တရားမဝင် လှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်စေဖို့နဲ့ နျူကလီးယား ကင်းစင်ရေး ဆွေးနွေးပွဲတွေ ပြန်လည်ကျင်းပနိုင်စေဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းအောင်လုပ်ဖို့ သဘောတူညီခဲ့ပါတယ်” ဟု တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ချိုဟျွန်းဒွန်က ပြောကြားခဲ့သည်။

“မြောက်ကိုရီးယားက သတ္တမကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုလုပ်ရင်  မကြုံစဖူးပြင်းထန်တဲ့ တုံ့ပြန်မှုတွေလုပ်သွားဖို့ လိုအပ်တယ်ဆိုတာကို သုံးနိုင်ငံစလုံးက သဘောတူခဲ့ပါတယ်” ဟု ၎င်းက သတင်းထောက်များအား ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက ဒုံးကျည်တစ်စင်းသည် ဂျပန်နိုင်ငံကို ဖြတ်ကျော်ပျံသန်းခဲ့ပြီး မြောက်ကိုရီးယားက ထိုလုပ်ရပ်အား နည်းဗျူဟာမြောက် နျူကလီးယား စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သီခြားပြောဆိုခဲ့သည်။

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီ ရှာမန်က “ဒီအပြုအမူ အားလုံးဟာ မဆင်မခြင်ရာကျပြီး အတော့်ကို မတည်မငြိမ်ဖြစ်စေပါတယ်” ဟု ပြောကြားခဲ့ပြီး မြောက်ကိုရီးယားအား နောက်ထပ်ရန်စမှုများမှ ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည် လှုပ်ရှားမှုများ အရှိန်မြှင့် လုပ်ဆောင်လာမှုသည် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် သိသာထင်ရှားပြီး ပြင်းထန်သော စိန်ခေါ်မှု ဖြစ်သည်ဟု ဂျပန်နိုင်ငံခြားရေး ဒုတိယ၀န်ကြီး တာကဲအို မိုရီက ဆိုသည်။

ယူကရိန်း စစ်ပွဲ၊ တရုတ်နှင့် ထိုင်ဝမ် အပါအဝင် ကျယ်ပြန့်သော ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ၎င်းတို့သုံးဦးက ပြောသည်။

သို့ရာတွင် ကာလကြာရှည်စွာ တင်းမာနေခဲ့သည့် ဂျပန်နှင့် တောင်ကိုရီးယားကြားရှိ နှစ်နိုင်ငံဆက်ဆံရေးကိုမူ ဆွေးနွေးခဲ့ခြင်း မရှိသေးကြောင်း မိုရီနှင့် ချိုက ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here