စစ်တွေတွင် ပျောက်ဆုံးနေသည့် ကလေးငယ် ၃ ဦးအထဲမှ နောက်ဆုံးတစ်ဦး၏ အလောင်းကိုယနေ့ ရှာဖွေတွေ့ ရှိ

0
361

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ပွိုင့်ကမ်းခြေအနီးတွင် ရေနစ်ပြီး ပျောက်ဆုံးသွားသည့် လေးတန်းကျောင်းသား ၃ ဦးအထဲမှ ၂ ဦးကို ရှာဖွေတွေ့ရှိပြီးနောက် နောက်ဆုံးတစ်ဦး၏ အလောင်းကို ယနေ့ (အောက်တိုဘာ ၂၇ ရက်) နေ့လည်ပိုင်းကရှာဖွေတွေ့ရှိခဲ့ကြောင်း မေတ္တာရောင်ခြည်ဖောင်ဒေးရှင်း ထံမှ သိရသည်။

ယနေ့ အောက်တိုဘာ ၂၇ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်တွင် ပျောက်ဆုံးနေသော ကလေးသုံးထဲမှ နောက်ဆုံးတစ်ဦးဖြစ်သည့် မောင်အောင်လင်းသူ (အသက်- ၁၁ နှစ်) ၏ ရုပ်လောင်းအား စစ်တွေမြို့ ကျေးတောပိုက်ဆိပ်အနီးမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့ပွိုင့်ကမ်းခြေအနီးတွင် အောက်တိုဘာ ၂၂ ရက် ညနေပိုင်းက စတုတ္တတန်းကျောင်းသား ၃ ဦးရေနစ်ပြီး ပျောက်ဆုံးသွားသည့်အတွက် လူမှုကူညီရေး အသင်းများက ကြိုးစားရှာဖွေခဲ့ရာ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် မောင်ဇွဲဘုန်းပြည့်ကို ကျေးတောရွာမ ဒီရေတောအနီးတွင် တွေ့ရှိခဲ့ရပြီး နေ့လည် ၁၂နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မောင်ဟိန်းထက်ဝင်းနိုင်ကို ရွှေမင်းဂံ နေဗီဆိပ်အနီးတွေ့ရှိခဲ့ကာ နောက်ဆုံးတစ်ဦးဖြစ်သည့် မောင်အောင်လင်းသူကို ယနေ့အောက်တိုဘာ ၂၇ရက် တွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မောင်ဟိန်းထက်ဝင်းနိုင်နှင့် မောင်ဇွဲဘုန်းခန့်တို့ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အောက်တိုဘာ ၂၄ ရက်က သင်္ဂြိုဟ်ခဲ့ပြီးဖြစ်ကာ ယနေ့ ညနေ ၃ နာရီတွင် သဂြိုလ်ပေးမည်ဟု သိရသည်။

အဆိုပါ ကလေးငယ် ၃ ဦးသည် စစ်တွေမြို့ ပွိုင့်အရှေ့ရှိ ပွိုင့်အနီး ကျောက်ဆောင်တွင် ရေ ကစားနေရာမှ ရေနစ်၍ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here