ကာတာသည် ကမ္ဘာ့ဖလားမတိုင်မီ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ဆေးစစ်ချက် လိုအပ်မှုကို ဖျက်သိမ်းသွားမည်

0
237

ဒိုဟာ၊ အောက်တိုဘာ ၂၆

ကာတာနိုင်ငံသည် ကမ္ဘာ့ဖလားမတိုင်မီ ၎င်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် လိုအပ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကြိုတင် စစ်ဆေးမှုများကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဖြေလျှော့မှုသည် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ကျင်းပမည့် အာရပ်နယ်မြေ၏ ပထမဆုံးသော ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်မီ ၁၉ ရက် အလို နိုဝင်ဘာလ ၁ ရက်နေ့တွင် စတင် အကျိုးသက်‌ေရာက်မည်ဖြစ်သည်။

ရောက်ရှိလာသော ပရိသတ်များ၊ ကစားသမားများ၊ ဝန်ထမ်းများနှင့် မီဒီယာ အရေအတွက်များမှာ လူဦးရေ ၂ ဒသမ ၉ သန်းခန့်ရှိသော ကာတာနိုင်ငံ၏ သမိုင်းတစ်လျှောက်တွင် မြင်တွေ့ရသည့် ဧည့်သည်များအများဆုံး ဝင်ရောက်လာခြင်းဖြစ်သည်။

“ဧည့်သည်များသည် ကာတာသို့ မသွားရောက်မီ အနုတ်လက္ခဏာပြ ကိုဗစ်-၁၉ ပီစီအာ သို့မဟုတ် ပဋိဇာတ် အမြန် စစ်ဆေးမှု ရလဒ်ကို တင်ပြရန်မလိုအပ်တော့ပါ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကာတာနိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်သူများသည်လည်း နိုင်ငံရပ်ခြားမှ ပြန်လာပြီး ၂၄ နာရီအတွင်း ပီစီအာ သို့မဟုတ် ပဋိဇာတ် အမြန် စစ်ဆေးမှု ကိုခံယူရန်မလိုအပ်တော့ကြောင်း ကျန်းမာရေး၀န်ကြီးဌာနက ပြောကြားထားသည်။

၂၉ ရက်ကြာ ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သည့် လူပေါင်း ခြောက်သန်းကျော် သေဆုံးစေခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ပရိတ်သတ်များပါ အတူ ပါဝင်မည့် ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲ ဖြစ်လာမည် ဖြစ်သည်။

ကာတာရှိ ပွဲစီစဉ်သူများနှင့် ဘောလုံးအုပ်ချုပ်ရေးအဖွဲ့ ဖီဖာတို့က အဆိုပါပွဲအား ကမ္ဘာကြီးသည် ကိုဗစ်-၁၉ ဟူသော ကပ်ရောဂါဆိုးကြီးမှ လွန်မြောက်လာသည့် လက္ခဏာတစ်ခုအနေဲ့ဖြင့် ပြသလိုခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here