တရုတ်နိုင်ငံတွင် ရှုသွင်းနိုင်သော ကိုဗစ်ကာကွယ်ဆေး စတင်အသုံးပြုလာ

0
383

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကမ္ဘာ့ပထမဆုံးဖြစ်နိုင်သော ရှူသွင်းအသုံးပြုနိုင်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ ၂၆ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်ပေးဝေခဲ့ကြောင်း သိရသည်။

ပါးစပ်ဖြင့် စုပ်ယူရှူသွင်းရသော အမှုန်အမွှားပုံစံ ကာကွယ်ဆေးကို ယခင်က ကာကွယ်ဆေးထိုးထားသူများအတွက် ဘူစတာဆေးအဖြစ် အခမဲ့ ပေးဝေနေကြောင်း မြို့တော်၏ လူမှုမီဒီယာ အကောင့်တွင် တင်ထားသည့် ကြေညာချက်တစ်ခုအရ သိရသည်။

အပ်မပါသော ကာကွယ်ဆေးများသည် ကာကွယ်ဆေးထိုးရန် မကြိုက်သူများအား လက်ခံအသုံးပြုလာစေနိုင်သည့်အပြင် ဆေးပေးရ လွယ်ကူသောကြောင့် ဆင်းရဲသောနိုင်ငံများတွင် ကာကွယ်ဆေးရရှိမှု ပိုမိုအားကောင်းလာအောင် ကူညီပေးနိုင်သည်။

ရှန်ဟိုင်းမီဒီယာအုပ်စုက တင်ထားသော ဗီဒီယိုတစ်ခုတွင် ရပ်ရွာကျန်းမာရေးဌာနတစ်ခုမှ လူများသည် ဖောက်ထွင်းမြင်ရသော အဖြူရောင်ခွက်၏ ပြွန်နှုတ်သီးတိုလေးကို ပါးစပ်ထဲသို့ ထည့်ထားသည်ကို ပြသခဲ့သည်။

ကျန်းမာရေးဌာန၏ အသုံးပြုမှု လမ်းညွှန်ချက်တွင် ဖော်ပြထားချက်အရ ခွက်ထဲ၌  ဆေးမှုန် မကျန်မချင်း ခပ်ပြင်းပြင်း စုပ်ယူရှူသွင်းခိုင်းပြီး ငါးစက္ကန့်ကြာအောင် အသက်ရှုအောင့်ခိုင်းထားကြောင်း သိရသည်။

“နို့လက်ဖက်ရည်တစ်ခွက်သောက်သလိုပါပဲ၊ ရှူသွင်းကြည့်တာ အရသာက အနည်းငယ်တော့ ချိုပါတယ်” ဟု ရှန်ဟိုင်းမြို့ခံတစ်ဦးက ဆိုသည်။

ထိုဆေးအား တရုတ်ဇီဝဆေးဝါးကုမ္ပဏီ ကန်စီနို ဘိုင်အိုလိုဂျစ်က တီထွင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ တရားဝင် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့က စက်တင်ဘာလတွင် ဘူစတာဆေးအဖြစ် တရားဝင် အသုံးပြုရန် အတည်ပြုခဲ့သည်။

source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here