နာလ်ဂဲလ်မုန်တိုင်းကြောင့်လူ ၄၅ ဦးသေဆုံး၊ အရေးပေါ်အကူအညီများပေးရန်ဖိလစ်ပိုင်သမ္မတအမိန့်ထုတ်

0
160

မနီလာ၊အောက်တိုဘာ ၂၉

ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာသည် အပူပိုင်းမုန်တိုင်း နာလ်ဂဲလ်ကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ လူပေါင်း ၄၅ ယောက် သေဆုံးခဲ့သည့် တောင်ပိုင်းပြည်နယ်တွင်အကူအညီများအရေးပေါ်‌ပေးရန် အောက်တိုဘာ ၂၉ ရက် စနေနေ့ကအမိန့်ထုတ်ပြန်ခဲ့သည်။

နာလ်ဂဲလ်မုန်တိုင်းကြောင့် မြို့တော်မနီလာနှင့်အနီးတစ်ဝိုက်တွင် စနေနေ့ကမိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်ကာ လူထောင်ပေါင်းများစွာနေအိမ်များမှထွက်ခွါခဲ့ရပြီး နိုင်ငံ၏အားလပ်ရက်ခရီးသွားလာမှု အများဆုံးအချိန်ကိုအနှောင့်အယှက်ဖြစ်စေခဲ့သည်။

နာလ်ဂဲလ်သည် ဖိလစ်ပိုင်တွင်ယခုနှစ်အတွင်း အသေအပျောက်အများဆုံးဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး အပြင်းအထန်တိုက်ခတ်မှုဒဏ်ခံခဲ့ရသော Maguindanao ပြည်နယ်တွင်း သေဆုံးသူ ၄၅ ဦးအထိရှိကြောင်း သဘာဝဘေးအန္တရာယ်အေဂျင်စီကပြောကြားခဲ့သည်။ဒဏ်ရာရသူ ၃၃ ဦးရှိပြီး ၁၇ ဦးပျောက်ဆုံးနေကြောင်းသိရသည်။

“Maguindanao မှာ ကြိုတင်ပြင်ဆင်မှုတွေပိုကောင်းအောင်လုပ်နိုင်ခဲ့ရမှာ။သေဆုံးသူ ၄၀ ဦးရှိပြီး ပျောက်ဆုံးနေသူ ၁၀ ဦးအထိများနေပါတယ်” ဟု မားကို့စ်ကသဘာဝဘေးအန္တရာယ်ဆိုင်ရာတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံပွဲတွင်ပြောကြားခဲ့သည်။

ဖိလစ်ပိုင်တောင်ပိုင်းပြည်နယ်နှင့် အခြားဒေသများသို့သောက်သုံးရေနှင့် သန့်စင်ရေးစနစ်များချက်ချင်းဖြန့်ဖြူးပေးရန်လည်း ၎င်းကအမိန့်ပေးခဲ့သည်။လေကြောင်းလိုင်းများသည်လည်း ဖိလစ်ပိုင်နိုင်ငံသို့ အသွားအပြန်ပြည်တွင်းနှင့်နိုင်ငံတကာခရီးစဉ် ၁၁၆ ခုကိုဖျက်သိမ်းလိုက်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ခရီးသည်နှင့်အလုပ်သမား ၇,၅၀၀ နီးပါးနှင့်ရေယာဉ် ၁၀၇ စင်းတို့သည် နိုင်ငံ၏ဆိပ်ကမ်းများတွင် သောင်တင်နေကြောင်းလည်း ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။မုန်တိုင်းကြောင့် လူပေါင်း ၁၇၀,၀၀၀ နီးပါးနေအိမ်များမှထွက်ခွာခဲ့ရပြီး ၎င်းတို့အနက်သုံးပုံတစ်ပုံနီးပါးသည် ဘေးလွတ်ရာရွှေ့ပြောင်းရေးစင်တာများတွင် ခိုလှုံနေကြကြောင်းအစိုးရအချက်အလက်များတွင်ဖော်ပြထားသည်။

ဖိလစ်ပိုင်တွင်နှစ်စဉ်ပျမ်းမျှအပူပိုင်းမုန်တိုင်း ၂၀ ခန့်ဝင်ရောက်လေ့ရှိသည်။ဒီဇင်ဘာလကလည်း တိုင်ဖွန်းမုန်တိုင်းရိုင်သည် အလယ်ပိုင်းပြည်နယ်များကိုဝင်ရောက်တိုက်ခတ်ခဲ့ရာ ၄၀၇ ဦးသေဆုံးပြီး ၁,၁၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here