အခွန်မဆောင် လိုင်စင်သက်တမ်း မတိုးသည့် ရွှေဆိုင်များကို ငွေကြေးခဝါချမှုနှင့် အရေးယူမည်ဆိုသည့်သ တင်း မဟုတ်မှန်ကြောင်း ရွှေအသင်း တာဝန်ရှိသူပြော

0
208

လိုင်စင်သက်တမ်းတိုးခြင်းနှင့် အခွန်ဆောင်ခြင်း မလုပ် ဆောင်သည့် ရွှေဆိုင်များကို ငွေကြေးခဝါချမှုနှင့် အရေး ယူမည်ဟု ထွက်ပေါ်နေသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ရန်ကုန်တိုင်းရွှေအသင်းမှ သိရသည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်း ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ထံ ပေါ်ပြူလာနယူး(စ်) က ဆက်သွယ်မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

” မဟုတ်ပါဘူး။ ငွေကြေးခဝါချမှုက သူ့ဟာသူ သီးခြား လုပ်မှာပါ။ ဒီဘက် မြို့တော်စည်ပင်ကလုပ်တဲ့ ဆိုင်လိုင်စင် ကိစ္စက မတူဘူး။ ငွေကြေး ခဝါချမှုက သူ့ဟာသူမသင်္ကာတဲ့ လုပ်ငန်းတွေကို လုပ်ကြမှာ။ လိုင်စင်ကိစ္စက ထောင်ဂဏန်းပဲရှိတာပါ။ အခွန်ဆောင်‌လည်း လေးငါးထောင် တစ်သောင်းပဲ ရှိတာပါ ” ဟု ဦးမျိုးမြင့်က ပြောသည်။

လက်တလောတွင် ရွှေလုပ်ငန်းနှင့် ပတ်သက်၍ ကောလာဟလ သတင်းများ ထွက်ပေါ်နေပြီး အဆိုပါသတင်းများထဲတွင် ငွေကြေးခဝါချမှုနှင့် အရေးယူမည်ဆိုသည့် သတင်းလည်း ပါဝင်နေခြင်း ဖြစ်သည်။

ရွှေဆိုင်များအနေဖြင့် မသင်္ကာဖွယ်ရာရောင်းဝယ်မှုများ ၊ အကြမ်းဖက် အဖွဲ့အစည်းများနှင့် ဆက်နွယ်နေသည့် ရောင်းဝယ်မှုများ၊ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်  ငွေကြေးခဝါချမှုဖြစ်စေမည့် ရောင်းဝယ်မှုများအတွက် သင်္ကာမကင်း ဖြစ်ပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် မှာကြားထားမှုများသာ ရှိကြောင်းလည်း ၎င်းက ဆိုသည်။

” အရောင်းအဝယ် များများစားစားလုပ်တာတို့ ၊ နောက်သူပုန်နဲ့အဆက်အသွယ် လုပ်တာတို့၊ နောက်မူးယစ်ဆေး ဝါးနဲ့ ပတ်သက်တဲ့ငွေတို့ ၊ အဲဒါမျိုးတွေကို သတင်းပို့ဖို့ ဆိုင်တွေကို မှာထားတာ တော့ရှိတယ်” ဟု ဦးမျိုးမြင့်ကပြော သည်။

လက်ရှိဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်နေသည့် ‌‌ဆိုင်များအပါအဝင် ရွှေကုန်သည်များအနေဖြင့် ပုံမှန် တံဆိပ်ခေါင်းခွန်ဆောင်ခြင်း၊ အမြတ်ခွန် ဆောင်ခြင်းတို့ကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။

” ပုံမှန်အတိုင်းပါပဲကွာ ။ လမ်းဘေးကန်စွန်းရွက်သည်လည်း အခွန်ဆောင်တာပဲ။ တို့ရွှေကုန်သည်လည်း အခွန်ဆောင်တာပါပဲ” ဟု ဦးမျိုးမြင့်က ဆိုသည်။

လက်ရှိတွင် ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ အခေါက် ရွှေတစ်ကျပ်သားလျင် ၂၆ သိန်း ဝန်းကျင်ဖြင့် အရောင်း အဝယ် ပြုလုပ်နေကြပြီး ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျင် ၁၆၅၀ ဒေါ်လာ ဝန်းကျင် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညနေပိုင်း ဈေးကွက်ပိတ်ချိန် ရန်ကုန်ရွှေအသင်း ၏ ရည်ညွှန်း ရွှေဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျင် ၁၉၄၀၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here