ရုရှားက ယူကရိန်းနှင့်ဂျုံသဘောတူညီချက်ကိုရပ်ဆိုင်း

0
154

မော်စကို၊အောက်တိုဘာ ၃၀

ခရိုင်းမီးယားရှိ ရုရှားသင်္ဘောများကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်းအား အပြစ်တင်ဝေဖန်လျက် ယူကရိန်း၏အရေးကြီးသောဂျုံတင်ပို့မှုကိုခွင့်ပြုသည့် သဘောတူညီချက်တွင် ရုရှားသည်၎င်း၏ပါဝင်မှုကို ဆိုင်းငံ့ထားကြောင်း အောက်တိုဘာ ၂၉ ရက် စနေနေ့ကသိရသည်။

စနေနေ့အစောပိုင်းက ကိဗ်သည်၎င်း၏ပင်လယ်နက်ရေယာဉ်စုအား ကြီးမားသောဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ရုရှားစစ်တပ်ကစွပ်စွဲခဲ့ပြီးနောက် ယခုကြေငြာချက်အားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ယခုစွပ်စွဲချက်အား ယူကရိန်းဘက်မှ မဟုတ်မှန်ကြောင်းငြင်းဆိုထားပြီး ကုလသမဂ္ဂကလည်း သဘောတူညီချက်ကိုဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းခဲ့သည်။

ကုလနှင့်တူကီယေးတို့၏ ကြားဝင်စေ့စပ်မှုဖြင့် ဇူလိုင်လကချုပ်ဆိုခဲ့သော ရုရှား-ယူကရိန်း ဂျုံတင်ပို့မှုသဘောတူညီချက်သည် ၎င်းတို့နှစ်နိုင်ငံပဋိပက္ခကြောင့်ဖြစ်ရသည့် ကမ္ဘာ့စားနပ်ရိက္ခာအကျပ်အတည်းကိုဖြေလျှော့ရန် အရေးကြီးသည့်အရာတစ်ခုဖြစ်သည်။

အဆိုပါသဘောတူညီချက်စာချုပ် ကို ချုပ်ဆိုသည့်နေ့မှစ၍ ယူကရိန်းဂျုံတန်ချိန်ပေါင်း ကိုးသန်းကျော်ကိုတင်ပို့ခွင့်ပြုထားပြီး နိုဝင်ဘာ ၁၉ ရက်တွင် သက်တမ်းတိုးရန်စီစဉ်ထားသည်။ရုရှား၏ဆိုင်းငံ့ထားမှုနှင့်ပတ်သက်၍ ယူကရိန်းနှင့်ကုလသမဂ္ဂတို့ကသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းထားရန်တွန်းအားပေးနေသော်လည်း အန်ကာရာအား တရားဝင်အသိပေးခြင်းမရှိသေးကြောင်း တူကီယေးလုံခြုံရေးသတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီသို့ပြောကြားခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က “အရေးပါတဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အားထုတ်မှုတစ်ခုဖြစ်တဲ့ ပင်လယ်နက်သဘောတူညီချက်ကို ထိခိုက်စေမဲ့လုပ်ရပ်မှန်သမျှကို နှစ်ဘက်လုံးကရှောင်ကြဉ်ဖို့အရေးကြီးပါတယ်” ဟုလည်းပြောကြားခဲ့သည်။

ယူကရိန်းသမ္မတဗလာဒီမာဇလန်းစကီးကမူ သဘောတူညီချက်အားဆိုင်းငံ့လိုက်ခြင်းအပေါ် ကုလနှင့် G – 20 နိုင်ငံအဖွဲ့များထံမှ ပြင်းထန်သောနိုင်ငံတကာတုံ့ပြန်မှုလိုအပ်ကြောင်းပြောကြားခဲ့သည်။အာဖရိက၊အရှေ့အလယ်ပိုင်းနှင့် တောင်အာရှတို့တွင် အငတ်ဘေးတစ်ခုကိုဖန်တီးရန် ရုရှားကကြိုးပမ်းနေသည်ဟုလည်း ၎င်း၏ဗီဒီယိုမိန့်ခွန်း၌ စွပ်စွဲပြောဆိုခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here