အမေရိကသည် သြစတြေးလျမြောက်ပိုင်း၌ ဗုံးကြဲလေယာဉ်များဖြန့်ကျက်ရန်စီစဉ်နေ

0
210

ဆစ်ဒ်နီ၊အောက်တိုဘာ ၃၁

သြစတြေးလျနိုင်ငံမြောက်ပိုင်းလေတပ်အခြေစိုက်စခန်းတစ်ခုသို့ နျူလက်နက်တပ်ဆင်နိုင်သော B-52 ဗုံးကြဲလေယာဉ် ခြောက်စီးကိုဖြန့်ကျက်ထားရန် အမေရိက သည်စီစဉ်နေကြောင်း သြစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း (ABC) ကအောက်တိုဘာ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။အဆိုပါအစီီအစဥ်သည် ပေကျင်းနှင့်တင်းမာမှုများ ပိုမိုကြီးထွားလာနိုင်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။

ဗုံးကြဲလေယာဉ်များအတွက် သီးသန့်အဆောက်အ အုံများကို သြစတြေးလျနိုင်ငံမြောက်ပိုင်းနယ်မြေ၏မြို့တော် ဒါဝင်မြို့တောင်ဘက် ကီလိုမီတာ ၃၀၀ အကွာရှိ သြစတြေးလျလေတပ်၏ Tindal အခြေစိုက်စခန်းတွင် တပ်ဆင်သွားမည်ဖြစ်ကြောင်း ABC ၏ Four Corners အစီအစဉ်က အမေရိကကိုကိုးကား၍ဖော်ပြထားသည်။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီး Richard Marles ၏‌ ပြောရေးဆိုခွင့်ရှိသူများသည် ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

တာဝေးပစ်ဗုံးကြဲလေယာဉ်များကို သြစတြေးလျသို့ဖြန့်ကျက်နိုင်မှုသည် ဝါရှင်တန်၏ထိ‌ရောက်သော ဝေဟင်စွမ်းအင်လုပ်ဆောင်နိုင်မှုနှင့်ပတ်သက်ပြီး ရန်ဘက်များထံ ပြင်းထန်သည့်သတင်းစကား ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်လေတပ်က အစီရင်ခံစာတွင်ဖော်ပြထားသည်။

သြစတြေးလျမြောက်ပိုင်းသည် အမေရိကန်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို မကြာခဏ လက်ခံပြုလုပ်နေကျဖြစ်သည်။  အမေရိကန်မရိန်းတပ်သား ထောင်ပေါင်းများစွာသည် လေ့ကျင့်ရေးနှင့်ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် နှစ်စဉ်နယ်မြေအနှံ့ လှည့်လည်မှုကို သမ္မတအိုဘားမားလက်ထက်ကတည်းက ပထမဆုံးစတင်ခဲ့သည်။

ယခုနှစ်အစောပိုင်းကလည်း အမေရိကန်သည် ဂူအမ်ရှိ၎င်း၏ Andersen လေတပ်အခြေစိုက်စခန်းသို့ B-52 လေးစင်းကိုဖြန့်ကျက်ခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း အမေရိက၊ဗြိတိန်နှင့် သြစတြေးလျတို့သည် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ဖြန့်ကျက်ရန်နည်းပညာဖြင့် သြစတြေးလျကိုပံ့ပိုးပေးမည့် လုံခြုံရေးသဘောတူညီချက်တစ်ရပ်ကို ပြုလုပ်ခဲ့ကာ တရုတ်နိုင်ငံကိုခြိမ်းခြောက်ခဲ့သည်။

“တရုတ်ပြည်မကြီးကို တိုက်ခိုက်နိုင်ဖို့အလားအလာရှိတဲ့ သြစတြေးလျမှာ B-52 တိုက်လေယာဉ်တွေဖြန့်ကျက်ခြင်းက ထိုင်ဝမ်ကို တိုက်ခိုက်မှာစိုးရိမ်လို့ ပေကျင်းကိုလှမ်းသတိပေးတဲ့ အရာတစ်ခုဖြစ်လာပါလိမ့်မယ်” ဟု ဝါရှင်တန်ဒီစီအခြေစိုက် New American Security စင်တာမှ Becca Wasser က ABC သို့ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here