ရုရှား၏ ယနေ့ဒုံးကျည်တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံတစ်ဝန်း လျှပ်စစ်နှင့် ရေပေးဝေမှု ဆိုးရွားစွာ ထိခိုက်

0
207

ရုရှားက ယူကရိန်းနိုင်ငံ၏ အရေးကြီးသော အဆောက်အအုံများကို ပစ်မှတ်ထား၍ ဒုံးကျည် ၅၀ ကျော်ကို ယနေ့နံနက်က ပစ်လွှတ်ခဲ့ပြီးနောက် နိုင်ငံအနှံ့တွင်လျှပ်စစ်နှင့် ရေပေးဝေမှု ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

မြို့တော် Kyiv တွင် နေထိုင်သူ ၈၀ ရာခိုင်နှုန်းသည် ရေပြတ်တောက်နေပြီး တိုက်ခန်းပေါင်း ၃သိန်းခွဲခန့်မှာ လျှပ်စစ်မီးပြတ်တောက်နေဟု Kyiv မြို့တော်ဝန် Vitaliy Klitschko က ပြောသည်။

Kharkiv ၏အရှေ့မြောက်ပိုင်းတွင် စွမ်းအင်စက်ရုံများ ထိခိုက်ပျက်စီးခဲ့သည်။

ခရိုင်းမီးယားရှိ ၎င်း၏ပင်လယ်နက်ရေယာဉ်စုအား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းအတွက် ယူကရိန်းအား ရုရှားက ပြစ်တင်ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရုရှားတိုက်ခိုက်မှုကြောင့် မြို့တော်အနီးရှိ စွမ်းအင်ဆိုင်ရာ စက်ရုံတစ်ခု ပျက်စီးသွားပြီးနောက် Kyiv တွင် ရေပြတ်တောက်နေကြောင်း Mr Klitschko က အစီရင်ခံတင်ပြခဲ့သည်။ နောက် သုံးနာရီမှ လေးနာရီအတွင်း ထောက်ပံ့မှု တစ်စိတ်တစ်ပိုင်း ပြန်လည်ရရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

လျှပ်စစ်ဓာတ်အားပြန်လည်ရရှိရန် အင်ဂျင်နီယာများကို အရေးပေါ်ချထားပေးထားကြောင်းလည်း ၎င်းက ဆိုသည်။

တနင်္လာနေ့နံနက်ပိုင်းတွင် ယူကရိန်းအလယ်ပိုင်း Vinnytsia ဒေသအပြင် အရှေ့တောင်ဘက်ရှိ Dnipropetrovsk နှင့် Zaporizhzhia နှင့် ယူကရိန်းအနောက်ပိုင်း Lviv တို့ကိုလည်း ရုရှားက ဒုံးကျည်များ ဖြင့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

Zaporizhzhia ဒေသရှိ Dnipro ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံရှိ စက်ရုံတစ်ခုလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။

ယေဘုယျအားဖြင့် ယူကရိန်းနိုင်ငံတစ်ဝန်း ဒေသ ၁၀ ခုရှိ စွမ်းအင်ထုတ်လုပ်သည့် စက်ရုံ ၁၈ ရုံ ဒုံးကျည်များထိမှန်ခဲ့သည်ဟု ဝန်ကြီးချုပ် Denys Shmyhal က ပြောကြားပြီး ရာနှင့်ချီသော ဒေသများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားကြောင်း ပြောကြားခဲ့သည်။

ထိခိုက်သေဆုံးမှု ရှိ၊ မရှိ ချက်ချင်း မသိရသေးပါ။

Source: BBC


LEAVE A REPLY

Please enter your comment!
Please enter your name here