အမျိုးသမီး ၂ ဦးစီးလာသည့်ဆိုင်ကယ်အား ကိုယ်ပိုင်ကားကနောက်မှဝင်တိုက် ၂ ဦးဒဏ်ရာရပြီး ကားမောင်းသူထွက်ပြေး

0
375

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊တာလေမြို့၊ပါအန်ကျေးရွာအဆင်းကွေ့တွင် အောက်တိုဘာ ၃၁ ရက်(ယနေ့)နေ့လည်ပိုင်းက အမျိုးသမီး ၂ ဦးစီးလာသည့် ဆိုင်ကယ်အား ကိုယ်ပိုင်ကားကနောက် မှဝင်တိုက်ခဲ့သည်ဟု တာလေမြို့လောကပါလပ ရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နေ့လည် ၃ နာရီခွဲခန့်က ကျိုင်းတုံလမ်းမကြီး၏ ပါအန်ကျေးရွာအဆင်းကွေ့တွင် ကိုယ်ပိုင် ကားတစ်စီးမှ တာလေမြို့၊မိုင်းလင်းအရှေ့အုပ်စု၊ဖကန်ကျေးရွာနေ မနန်းကျင်လား(၂၄)နှစ်နှင့်အ မျိုးသမီးတစ်ဦးတို့ စီးနင်းလာသည့် ဆိုင်ကယ်အား နောက်မှဝင်တိုက်မိခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်တိုက်မိပြီးနောက် ကားမောင်းသူသည် အခင်းဖြစ်နေရာ၌ကားအားထားပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် မနန်းကျင်လားနှင့်၎င်း၏ သူငယ် ချင်းဖြစ်သူတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ကယ်မှာလည်း ကားအောက်သို့ရောက်၍ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား တာလေမြို့ လောကပါလ ပရဟိတလူမှုကူညီရေးအသင်းကားဖြင့် တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား တာဝန်ရှိသူများမှ ကားဖြင့်တိုက်ခဲ့သူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here