သာကေတ၊ဒဂုံဆိပ်ကမ်းတို့အပါအဝင် နေရာ ၃ ခု၌ ကလေး၊လူကြီး ၁၀၀ ဦးခန့်အစာအဆိပ်သင့်၍ ဆေးရုံများသို့ပို့ဆောင်ခဲ့ရ

0
533

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တို့အပါအဝင် နေရာ ၃ ခု၌ နိုဝင်ဘာ ၂ ရက်(ယနေ့)မွန်းတည့်ပိုင်းက ကလေး၊လူကြီး ၁၀၀ ဦးခန့်အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သဖြင့် ဆေးရုံများသို့ပို့ဆောင်ပေးခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

သာကေတမြို့နယ်၊(၁၀)မြောက်ရပ်ကွက်ရှိ အ.မ.က(၂ ၉)တွင် ယနေ့ နေ့လည်ပိုင်းက လာရောက်လှူဒါန်းသည့် ကြာဆံကြော်စားမိရာမှ ကလေးငယ်များ အစာအဆိပ်သင့်ခဲ့၍ ရန်ကင်း ကလေးဆေးရုံနှင့်ဟယ်ပင်ဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ရကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

“ဖြစ်တဲ့နေရာက ၃ နေရာပေါ့ သာကေတရယ် ဒဂုံဆိပ်ကမ်းရယ် ဘုန်းကြီးကျောင်းတစ်ကျောင်းရယ် ၃ နေရာပေါင်းမှာ အစာအဆိပ်သင့်တဲ့ ကလေးအရေအတွက်က ၁၀၀ နီးပါးလောက်ရှိတယ် ကျွန်တော်တို့အသင်းကတော့ အမက(၂၉) မှာအထိုင်ချပြီးကူညီပေးခဲ့တယ်”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြားရေးတာဝန်ခံ ကိုဇင်လင်းမောင်ကပြောသည်။

အခင်းဖြစ်ပွားရာကျောင်းမှာ (၁၀) မြောက်ရပ်ကွက် ၊ လ ယ်ယာ (၁) လမ်းတွင်တည်ရှိပြီး အစာအဆိပ်သင့်မှုကြော င့် ကလေးငယ် (၃၀) ကျော်ကို ဆေးရုံသို့ ပို့ထားရကြောင်း ဒေသခံပြည်သူအချို့ကလည်း ဆိုသည်။

” နေ့ခင်း (၁၂) နာရီခွဲလောက်က ဖြစ်တာ။ ကျောင်းမှာ လာလှူတဲ့ ကြာဇံကြော် စားပြီး ဖြစ်ကြတာလို့ သိရတာပဲ။ ပထမ ရပ်ကွက်ထဲက ဆေးခန်းကို ပို့ကြတယ်။ နောက်မှ ဆေးရုံကို ပို့ကြတာပေါ့နော်။ စုစုပေါင်းဆို ၅၀ ဝန်းကျင်လောက်ဖြစ်မယ်။ (၂၀) လောက်ကို ဆေးရုံပို့လိုက်ရတယ်။ အော့အန်ကုန်ကြတာပေါ့။ ပြန်ကောင်းတဲ့သူတွေလည်း ရှိတယ်။ အတိအကျတော့ မသိဘူး” ဟု သာကေတမြို့နယ် (၁၀) မြောက်ရပ်ကွက်၊ လယ်ယာ (၂) လမ်း တွင် နေထိုင်သူ တစ်ဦးက ပေါ်ပြူလာသို့ပြောသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၆၇ ရပ်ကွက်တွင်လည်း နေ့လည်ပိုင်းကလည်း ကလေးငယ်များနှင့်လူကြီးများတွင် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့၍ လူမှုကူညီရေးအသင်းကားများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ဟယ်ပင်ဆေးရုံ၊ရန်ကင်းကလေးဆေးရုံ၊မေဓာဝီဆေးရုံတို့သို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။

“အစာအဆိပ်သင့်တဲ့သူတွေအကုန်လုံးနီးပါးက မူးပြီးမထနိုင်ကြဘူး အော့အန်တာတွေလည်းရှိတယ် အခြေအနေဆိုးတာတော့မရှိပါဘူး တစ်ချို့ဆိုရင် ဆေးရုံရောက်ပြီး ကုသမှုလုပ်ပြီးတာနဲ့ ဆေးရုံကပြန်လွှတ်တဲ့လူတွေလည်းရှိတယ် ၂၄ နာရီ စောင့်ကြည့်ဖို့လိုတဲ့လူတွေကိုတော့ ဆေးရုံကခေါ်ထားတယ်”ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည့် Yangon Emergency Respond Team-YERT ၏အသင်းဝင်တစ်ဦးကပြောသည်။

အခင်းဖြစ်ပွားရာ နေရာများသို့ အရေးပေါ် လူမှုကူညီရေးအဖွဲ့များ ရောက်ရှိကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ကာ လူနာတင်ယာဉ်များဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here