ရှီကျင့်ဖျင်နှင့် ဂျာမနီ ဝန်ကြီးချုပ်တို့တွေဆုံ၊ နျူလက်နက်အသုံးပြုခြင်းကို ပူးပေါင်း ဆန့်ကျင်ရန် ရှီပြောကြား

0
154

ပေကျင်း၊ နိုဝင်ဘာ ၄

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဂျာမနီ ဝန်ကြီးချုပ် အိုလက်ဖ် ရှိုဇ်အား နိုဝင်ဘာလ ၄ ရက် သောကြာနေ့တွင် ပေကျင်းမြို့မှ ကြိုဆိုခဲ့သည်။

ရှိုဇ်သည် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ချိန်မှစ၍ ရှီနှင့် တွေ့ဆုံခဲ့သည့် ဂျီ ၇ အုပ်စုမှ ပထမဆုံးခေါင်းဆောင်ဖြစ်သည်။ ရှိုဇ်သည် တစ်ရက်တာ ခရီးစဉ်ဖြင့် တရုတ်သို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

ရှီနှင့်တွေ့ဆုံစဉ်တွင် ရှိုဇ်က ယူကရိန်းအရေးအခင်း အဆုံးသတ်စေရန်အတွက် တရုတ်အား ရုရှားအပေါ်တွင်ရှိ‌ေသာ ၎င်း၏ ဩဇာလွှမ်းမိုးမှုကို အသုံးပြုစေလိုကြောင်း တိုက်တွန်းခဲ့သည်။

ယူကရိန်းအရေးနှင့် ပတ်သက်၍ ရှီက ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပိုမိုပြုလုပ်နိုင်ရန်အတွက် ကြိုးပမ်းရာတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသော ဂျာမနီနှင့် ဥရောပသမဂ္ဂကို တရုတ်နိုင်ငံက ထောက်ခံအားပေးနေကြောင်း ပြောခဲ့သည်ဟု စီစီတီဗွီ သတင်းဌာနက ဖော်ပြထားသည်။

ထို့အပြင် ရှီက နိုင်ငံတကာအသိုင်းအဝိုင်းသည် ယူကရိန်းနှင့် ရုရှားကြား စေ့စပ်ညှိနှိုင်းမှုများ ပြန်လည်စတင်နိုင်ရန်အတွက် အခြေအနေများ ဖန်တီးပေးသင့်ပြီး နျူလက်နက် အသုံးပြုခြင်း သို့မဟုတ် အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းများကိုလည်း ပူးပေါင်းဆန့်ကျင်သင့်ကြောင်း ပြောခဲ့သည်။

ထိုသို့ နျူလက်နက်နှင့် ပတ်သက်၍ ရှီ၏ပြောဆိုချက်မှာ ပူတင်က ယူကရိန်းအား နျူကလီးယားလက်နက်ဖြင့် တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြီးနောက် တစ်လကျော်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

Source: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here