ရခိုင်ပြည်နယ်တွင် ၂ ရက်ကြာပျောက်ဆုံးနေသည့် တက္ကသိုလ်ကျောင်းသား၏ ရုပ်အလောင်းအား ချောင်းထဲမှဓားဒဏ်ရာများဖြင့်ပြန်လည်တွေ့ရှိခဲ့

0
460

ရခိုငိပြည်နယ်၊စစ်တွေမြို့၌ လာရောက်နေထိုင်၍ စစ်တွေတက္ကသိုလ်တွင် တက်ရောက်နေသည့် တက္ကသိုလ်ကျောင်းသားသည် နိုဝင်ဘာ ၄ ရက်ကပျောက်ဆုံးသွားခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် ဓားဒဏ်ရာများဖြင့် ချောင်းထဲမှပြန်လည်တွေ့ရှိခဲ့ရသည်ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအရေးပေါ်လူမှုကူညီရေးနှင့်သွီးလှူရှင်အသင်းမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်နေ ကိုမျိုးထက်(၂၁)နှစ်သည် စစ်တွေတက္ကသိုလ်၌ တတိယနှစ် သမိုင်းဘာသာတက်ရောက်နေသူဖြစ်ကာ နိုဝင်ဘာ ၄ ရက်ည ၉ နာရီကျော်က ၎င်းယာယီနေထိုင်သည့် နေအိမ်မှဆိုင်ကယ်ဖြင့် ထွက်ခွာသွားပြီးနောက် ပျောက် ဆုံးသွားခဲ့ခြင်းဖြစ်သည်။

“သူ့မိသားစုဝင်တွေက ဒီနေ့မနက်ပိုင်းမှာ အသင်းကိုဖုန်းဆက်ပြီး ကိုမျိုးထက်ပျောက်နေလို့ လူပျောက်ကြေညာချင်တယ် ကူညီပြီးရှာပေးပါလို့ပြောတယ် ကျွန်တော်တို့အသင်းက ပို့စ်တင်ပေးခဲ့တယ် ဝိုင်းရှာပေးခဲ့တယ် ဒီမနက်မှာပဲ ရုံးကိုဖုန်းဆက်အကြောင်းကြားတဲ့လူတစ်ယောက်က အောင်မြေကုန်းရွာနားက ချောင်းထဲမှာ တစ်ခုခုမျောလာတာတွေ့တယ်လို့ပြောတာကြောင့် ကျွန် တော်တို့သွားကြည့်တာမှာ အလောင်းကိုတွေ့ခဲ့တာပါ”ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ကိုလင်းလင်းကပြောသည်။

သေဆုံးနေသူ၏ ရုပ်အလောင်းသည် မျက်နှာမှာရောင်နေပြီး နောက်ကျောတွင် ဓားဒဏ်ရာ ၂ ချက်၊လည်ပင်းတွင် ဓားခုတ်ဒဏ်ရာ ၁ ချက်ရရှိထားသဖြင့် မည်သူမည်ဝါဖြစ်ကြောင်း အတည် ပြုနိုင်ရန် မိသားစုဝင်များအား ပြသ၍အတည်ပြုချက်ရယူခဲ့ရသည်ဟု သိရသည်။

“သူသွားတဲ့အချိန်က စီးသွားတဲ့ဆိုင်ကယ်လည်းမတွေ့တော့ဘူး ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာကိုတော့ တာဝန်ရှိတဲ့လူတွေက စစ်ဆေးနေကြတယ် ကျွန်တော်တို့ကိုဝိုင်းရှာပေးဖို့ပြောတာကလည်း ဒီမနက်ပဲ အလောင်းကိုပြန်တွေ့တာကလည်း ဒီမ နက်ပါပဲ ပျောက်ဆုံးနေတဲ့ ကိုမျိုးထက်ဆိုတာကိုလည်း သူ့မိသားစုဝင်တွေကပဲအတည်ပြုပေးခဲ့တာပါ”ဟု မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းမှ ကိုလင်းလင်းကပြောသည်။

ထို့ကြောင့် ဆယ်ယူရရှိခဲ့သည့် ရုပ်အလောင်းအား မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းအရေးပေါ်လူမှုကူညီရေးနှင့်သွီးလှူရှင်အသင်းမှ ပုဏ္ဏားကျွန်းမြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စစ်တွေမြို့အမှတ်(၂)ရဲစခန်းမှတာ ဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့ကြပြီး အမှုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် သေဆုံးသူ၏ရုပ်အလောင်းအား ယနေ့နေ့လည် ၁ နာရီ ၅၀ မိနစ်ခန့်တွင် ပုဏ္ဏားကျွန်းပြည်သူ့ဆေးရုံကြီးရင်ခွဲရုံမှတဆင့် မြို့မသုသာန်သို့ပို့ဆောင်သဂြိုလ်ခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here