အင်းစိန်မြို့နယ်တွင် ဆိုင်ကယ်စီးလာသော အဘိုးအိုတစ်ဦးအား လူငယ်စုံတွဲတစ်တွဲက ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယူမှုဖြစ်ပွား

0
337

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာလ ၆) ရက် ညနေပိုင်းက ဆိုင်ကယ်စီးလာသော အဘိုးအိုတစ်ဦးအား လူငယ်စုံတွဲတစ်တွဲက ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယူမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အင်းစိန်မြို့နယ် ရွာမအရှေ့ရပ်ကွက် မင်းကြီးလမ်းမပေါ် သရက်တောကားမှတ်တိုင်အနီးတွင် ညနေ ၆ နာရီ ၅၀ မိနစ်အချိန်တွင် အဘိုးအိုတစ်ဦးစီးနှင်းလာသောဆိုင်ကယ်တစ်စီးအား လူငယ်စုံတွဲတစ်တွဲက ဓားဖြင့်ထိုး၍ လုယက်မှုဖြစ်ပွားခဲခြင်းဖြစ်ကြောင်း၊ ဝမ်းဗိုက်၊ ဆီးခုံ နှင့်ဒူးခေါင်းနေရာများတွင် ‌ဓားဒဏ်ရာများရရှိခဲ့သည့်အတွက် သွေးထွက်လွန်သောကြောင့် မြေပြင်(ရှေးဦးပြုစုပေး)၍ အင်းစိန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကူညီပေးခဲ့ကြောင်း အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

” လက်ရှိအင်းစိန်ဆေးရုံမှာ ဆေးကုသမှုခံယူ‌‌နေပါတယ်။ ဓားဒဏ်ရာ ၃ ချက်ရရှိသွားတယ်၊ စိုးရိမ်စရာတော့မရှိပါဘူး၊ မိသားစုနဲ့လည်း အဆက်အသွယ်ရပါတယ်”ဟု အဆိုပါတာ၀န်ရှိသူက ပြောသည်။

ယခင်ကလည်း အဆိုပါဖြစ်စဉ်ဖြစ်သည့်နေရာတွင်ပင် စုံတွဲများက ဆိုင်ကယ်ကယ်ရီငှားဟန်ဆောင်၍ လုယက်မှုများပြုလုပ်သည့် ဖြစ်စဉ်များဖြစ်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – အင်းစိန်မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here