သရဲကြီးညကလူသေဆုံးမှုအဖြစ်အပျက်အတွက် တောင်ကိုရီးယားသမ္မတတောင်းပန်စကားဆို

0
254

ဆိုးလ်၊နိုဝင်ဘာ ၇

တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်သည် သရဲကြီးညကအဖြစ်အပျက်အတွက် တောင်းပန်စကားဆိုခဲ့ပြီး အချိန်မှီထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းမရှိသည့် တာဝန်ရှိသူများကိုလည်း ထိထိရောက်ရောက်အပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။

“သားသမီးတွေကိုဆုံးရှုံးလိုက်ရတဲ့မိဘတွေနဲ့တော့ ကိုယ့်ကိုယ်ကိုယ်မနှိုင်းယှဉ်ပြဝံ့ပေမဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ သမ္မတတစ်ယောက်အနေနဲ့တော့ အင်မတန်ကြေကွဲဝမ်းနည်းရပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။

အောက်တိုဘာ ၂၉ ရက်နေ့ညကဖြစ်ပွားခဲ့သော အဆိုပါလူအုပ်ပြိုမှုဖြစ်စဉ်တွင် နိုင်ငံခြားသား ၂၆ ဦးအပါအဝင် လူပေါင်း ၁၅၆ ဦးသေဆုံးခဲ့ပြီး ၁၉၇ ဦးဒဏ်ရာရရှိခဲ့ကြသည်။လူပေါင်းတစ်သိန်းခန့်စုဝေးလာရောက်သည့်နေရာတွင် ရဲတပ်ဖွဲ့အင်အား ၁၃၇ ဦးနှင့်လုံခြုံရေးထိန်းသိမ်းမှုပေါ့လျော့ခဲ့သည့်အတွက်လည်း ရဲတပ်ဖွဲ့ဝင်များဝေဖန်ခံနေရကြောင်းသိရှိရသည်။

အဆိုပါဖြစ်ရပ်ဆိုးမဖြစ်ပွားမီက ရဲတပ်ဖွဲ့များထံလူများလွန်း၍ ထိန်းသိမ်းဆောင်ရွက်ပေးရန် အရေးပေါ်အဆက်သွယ်များရရှိခဲ့သော်လည်း သင့်လျော်သလိုအချိန်မှီမ‌ေဆာင်ရွက်နိုင်ခဲ့သဖြင့် အခြေနေပြင်းထန်ဆိုးရွားသွားရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တနင်္လာနေ့လုံခြုံရေးအစည်းအဝေးတွင် သမ္မတသည်အမျိုးသားလုံခြုံရေးစီမံခန့်ခွဲမှုစနစ်ကိုပြန်လည်ပြင်ဆင်ရန်နှင့်တာဝန်ပျက်ကွက်သူများအား သေသေချာချာစုံစမ်းဖော်ထုတ်ကာ စစ်ဆေးမေးမြန်းမည်ဖြစ်ကြောင်းကတိပေးခဲ့သည်။

“ပြည်သူများ၏ဘေးကင်းမှုကိုကာကွယ်ရန်၊အန္တရာယ်နှင့်မတော်တဆမှုများကိုကြိုတင်ကာကွယ်ရန်ပြင်ဆင်ထားမှုများ၌ ရဲလုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ပြုပြင်ပြောင်းလဲရန် လိုအပ်နေပါသေးတယ်” ဟုလည်း မစ္စတာယွန်းကပြောကြားခဲ့သည်။

Source : Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here