တောင်ဝိုင်းဘုရားတောင်ပေါ်လမ်းတွင် သုံးဘီးဆိုင်ကယ်တစ်စီးထပ်မှောက်ပြန်

0
333

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊တောင်ဝိုင်းတောင်တက်ကားလမ်းတွင် ယနေ့ (နို၀င်ဘာ ၇ ရက်) ညနေပိုင်းက သုံးဘီးဆိုင်ကယ်မှောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့  ထံမှ သိရသည်။

” မနက်က မှောက်တဲ့ နေရာအနီးက အုန်းသုံးပင်ဘုရားအနီးမှာ မှောက်တာ အဆင်းမှာ ဘရိတ်ပေါက်ပြီးမှောက်သွားတာပေါ့၊ ယာဉ်မောင်းပဲ ထိခိုက်မှုအနည်းငယ်ရှိပါတယ်။ ပါလာတဲ့ ခရီးသည်တွေ ဘေးကင်းပါတယ် ” ဟု ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါ ဖြစ်စဉ်သည် ယနေ့ ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ် မောင်းတစ်ယောက်ထဲသာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကာ ခရီးသည်များ ထိခိုက်မှုမရှိကြောင်း၊ ထို့ကြောင့် ယာဉ်မောင်းအား အနည်းငယ် ဆေးကုသမှုပေးခဲ့ရသည်ဟု သိရသည်။

ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်ကလည်း မော်လမြိုင်မြို့၊ တောင်ဝိုင်းတောင်တက်ကားလမ်း၌ မီနီအိုးဝေသုံးဘီးဆိုင်ကယ် ၁ စီးသည် တောင်အောက်ဆင်း ကားအားရှောင်ရာမှ ဆိုင်ကယ်ကိုဝင်တိုက်မိပြီး ချောက်ကမ်းအဆက်ထဲ ပြုတ်ကျသွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် အမျိုးသမီး(၃)ဦးနှင့်အမျိုးသား(၁)ဦး စုစုပေါင်း (၄) ဦိး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကာ အမျိုးသမီးတစ်ဦးမှာ စိုးရိမ် (အနီရောင်အဆင့်) ရကြောင်း သိရသည်။

မွန်ပြည်နယ်၊ တောင်ဝိုင်းတွင် ယနေ့ (နို၀င်ဘာ ၇) ရက်တွင် တောင်ခြေလမ်းဧရိယာဖွင့်ပွဲ၊ ထီးတော်တင်ပွဲ၊ ကထိန်ပွဲများရှိနေသည့်အတွက် ဘုရားဖူးများနှင့် လာရောက်လည်ပတ်သူများစွာရှိနေသည့်အတွက် တောင်တက်တောင်ဆင်းလမ်းများတွင် နားလည်မှုလွှဲမှားပြီး ယခုကဲ့သို့ မတော်တဆမှုများ ဖြစ်ပေါ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ဓာတ်ပုံ – ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here