စင်္ကာပူ၌ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၈ ခုနှစ်ကြားတွင် ကာဗွန်ထုတ်လွှတ်မှုအထွတ်အထိပ်ရောက်နိုင်ကြောင်းခန့်မှန်းထား

0
156

စင်္ကာပူ၊နိုဝင်ဘာ ၈

စင်္ကာပူနိုင်ငံ၏ကာဗွန်ထုတ်လွှတ်မှုသည် မူလခန့်မှန်းထားသည့် ၂၀၃၀ ပြည့်နှစ်ထက်စော၍ ၂၀၂၅ နှင့် ၂၀၂၈ ကြား၌ပင် အထွတ်အထိပ်သို့ရောက်ရှိမည်ဟုခန့်မှန်းထားကြောင်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဂရေ့စ်ဖူက အင်္ဂါနေ့ကပြောကြားခဲ့သည်။

ပြီးခဲ့သည့်လကပြုလုပ်ခဲ့သည့် ၂၀၂၂ ခုနှစ် စင်္ကာပူနိုင်ငံတကာစွမ်းအင်ပွဲ၌ ဒုတိယဝန်ကြီးချုပ်လောရန့်စ်ဝေါင်းသည် ရေရှည်ကာဗွန်ထုတ်လွှတ်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် စင်္ကာပူသည် ၂၀၅၀ ပြည့်နှစ်တွင်ကာဗွန်အသားတင်ထုတ်လွှတ်မှုကို သုညအထိလုံးဝလျှော့ချနိုင်ရန်အတွက် ရာသီဥတုရည်မှန်းချက်ကိုမြှင့်တင်မည်ဖြစ်ကြောင်းကြေငြာခဲ့သည်။

မှန်းထားသည်ထက်စော၍ ကာဗွန်ထုတ်လွှတ်မှုအထွတ်အထိပ်ရောက်ပြီးနောက် စင်္ကာပူသည်ကာဗွန်ဒိုင်အောက်ဆိုဒ်တန်ချိန်ပေါင်း သန်း ၆၀ ခန့်အထိထုတ်လွှတ်မှုကို လျှော့ချမည်ဟုလည်း မစ္စတာဝေါင်းကပြောကြားခဲ့သည်။

“မှန်းထားတဲ့ ၂၀၃၀ ပြည့်နှစ်ထက်စောပြီး ကာဗွန်ထုတ်လွှတ်မှုအထွတ်အထိပ်ကိုရောက်ရှိသွားတာဟာ စက်မှုလုပ်ငန်း၊စီးပွားရေးနဲ့လူ့အဖွဲ့အစည်းတစ်လျှောက် ပြုပြင်ပြောင်းလဲမှုတွေကို သိသိသာသာလုပ်ဖို့ လိုအပ်နေတယ်ဆိုတာပြနေတာပါ” ဟု မစ္စဖူကပြောကြားခဲ့သည်။

“ပြည်တွင်းအရင်းအမြစ်ပေါများတဲ့နိုင်ငံတွေနဲ့မတူဘဲ စင်္ကာပူဟာ လျှပ်စစ်ဓာတ်အားတင်သွင်းမှု၊ကာဗွန်ဖမ်းယူအသုံးချမှုနဲ့သိုလှောင်မှုစတဲ့ ပြင်ပအစီအမံတွေကိုပဲ မှီခိုနေရမှာဖြစ်ပါတယ်” ဟုလည်း၎င်းကပြောကြားခဲ့သည်။

အခြားမိတ်ဖက်နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်ဆဲဖြစ်သဖြင့် မည်သည့်အချိန်တွင်ကာဗွန်ထုတ်လွှတ်မှု အထွတ်အထိပ်ရောက်မည်ကိုအတိအကျမပြောနိုင်သေးသော်လည်း အစိုးရ၏ခန့်မှန်းချက်အရ ၂၀၂၅ မှ ၂၀၂၈ ကြားတွင်ရောက်ရှိသွားနိုင်ပြီး မူလမှန်းထားသည့် ၂၀၃၀ ပြည့်နှစ်ထက်စောနိုင်ကြောင်း ဝန်ကြီးကပြောကြားခဲ့သည်။

ထို့ကြောင့်ပင် စင်္ကာပူ၏ရည်မှန်းချက်ပြည့်မီရန် စင်္ကာပူစိမ်းလန်းရေးစီမံကိန်း၏ မဏ္ဍိုင်ကြီးငါးရပ်အောက်မှ လျော့ပါးသက်သာစေရေးအစီအမံများကို အာဏာပိုင်များကချမှတ်ထားကြောင်းလည်း ဝန်ကြီးကဆက်လက်ပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here