မွန်ပြည်နယ်တွင် ဆေးလိပ်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး၄ ဦးသေဆုံးခဲ့

0
286

မွန်းပြည်နယ်၊ပေါင်မြို့နယ်၊ဇင်းကျိုက်နယ်မြေ၊ဘုံကျောင်းလမ်းတွင် နိုဝင်ဘာ ၁၀ ရက်(ယနေ့) နံနက်အစောပိုင်းက တစ်နာရီခန့်ကြာ မီးလောင်မှုဖြစ်ပွားခဲ့၍ ၄ ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီ ၈ မိနစ်ခန့်က ပေါင်မြို့နယ်၊ဇင်းကျိုက်နယ်မြေ၊ဘုံကျောင်းလမ်းရှိ နေအိမ်တစ်လုံးမှစတင်၍  မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ ပေါင်မြို့နယ်မီးသတ်စခန်း၊ဇင်ကျိုက်နယ်မြေမီးသတ်စခန်း၊သထုံမြို့နယ်မီး သတ်စခန်း၊အရန်မီးသတ်၊ပေါင်မြို့နယ်စည်ပင်နှင့်လူမှုကူညီရေးအသင်းများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် နံနက် ၅ နာရီ ၅ မိနစ်၌ မီးငြိမ်းသွားခဲ့ပြီး ဖြစ်စဥ်ကြောင့် မီးစတင်လောင် ကျွမ်းခဲ့သည့်နေအိမ်မှ ကိုလင်းထွန်း၊ ဒေါ်သန်းသန်းခိုင်၊ ဒေါ်ခင်စီနှင့် ဒေါ်ဇင်ဇင်ဖြိုးတို့မှ မီး လောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့သိရသလောက်ဆိုရင် အရက်ကြောင်နေတဲ့ သူ့သားကညဘက်ကြီးဆေးလိပ်ထသောက်ရာကနေတဆင့်လောင်တာလို့သိရတယ်မီးလောင်ချိန်ကြာသွားတာက လမ်းကကျဥ်းတော့ မီးသတ်ကားတွေအလွယ်တကူဝင်လို့မရဘူး အဲဒါကြောင့် ကြာသွားတာပါ”ဟု ပေါင်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

မီးလောင်မှုကြောင့် နေအိမ် ၈ လုံးနှင့်စပါးကျီတစ် လုံးတို့လည်း ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ပျက်စီးဆုံး ရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မီးလောင်သေဆုံးသွားသူ ၄ ဦး၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းကားများဖြင့် ပေါင်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo – Myanmar fire service , Cj


LEAVE A REPLY

Please enter your comment!
Please enter your name here