အာဆီယံ နိုင်ငံများနှင့် ပိုမို ခိုင်မာသော ဆက်ဆံရေး တည်ဆောက်ရန် မျှော်လင့်ကြောင်း ယူကေက ပြောလာ

0
168

စင်ကာပူ၊ နိုဝင်ဘာ ၁၀

ယူနိုက်တက်ကင်းဒမ်းသည် အရှေ့တောင်အာရှ နိုင်ငံများနှင့် နက်ရှိုင်း ခိုင်မာသော ဆက်ဆံရေး တည်ဆောက်လိုကြောင်းနှင့် ဒေသတွင်း၌ ဖွံ့ဖြိုးတိုးတက်မှုများနှင့် လုံခြုံရေးဆိုင်ရာ ချိတ်ဆက်မှုများကို ပိုမိုချဲ့ထွင်သွားရန် စီစဉ်ထားကြောင်း ပြောသည်။

အာဆီယံ အဖွဲ့အစည်းသည် ယူကေအတွက် အရေးကြီးသော ကုန်သွယ်ရေးမိတ်ဖက် ဖြစ်ကြောင်း ကုန်သွယ်ရေး မူဝါဒဆိုင်ရာ ဝန်ကြီး ဂရတ် ဟန်းစ်က နိုဝင်ဘာလ ၁၀ ရက် ကြာသပတေးနေ့တွင် ပြောသည်။ “အလွန်နက်ရှိုင်းခိုင်မာတဲ့ ဆက်ဆံရေးထားရှိဖို့ မျှော်လင့်နေပါတယ်” ဟု ၎င်းကဆိုသည်။

“ဗြိတိန်က ဒီဒေသကို ကမ်းလှမ်းပေးနိုင်တဲ့အရာတွေ အများကြီးရှိပါတယ်၊ ဥပမာပြောရရင် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး၊ အခြေခံအဆောက်အဦ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပညာရေး…. စသည်ဖြင့်ပေါ့” ဟု မစ္စတာ ဟန်းစ် က စီအင်န်အေ သတင်းဌာနသို့ ပြောကြားခဲ့သည်။

အရှေ့တောင်အာရှသည် ဗြိတိန်အတွက် စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ တည်ရှိမှု တိုးမြှင့်လိုသည့် နေရာ ဖြစ်ကြောင်း ဟန်းစ် က ကမ္ဘောဒီးယားတွင် ကျင်းပခဲ့သော အာဆီယံ ထိပ်သီး အစည်းအဝေး၌ ပြောကြားခဲ့သည်။

ဗြိတိန်သည် ၎င်း၏ တိကျ ရှင်းလင်းသော ဗျူဟာမြောက် ရည်မှန်းချက်များကို အာရှဆီသို့ ဦးတည်လာသည်နှင့်အမျှ ထိုဒေသတွင်းသို့ ၎င်း၏ ဝန်ကြီးများ လာရောက် လည်ပတ်မည့် အကြိမ်ရေသည်လည်း တိုးလာမည်ဖြစ်ကြောင်း ဟန်းစ်က ပြောခဲ့သည်။

“ဗြိတိန်ဟာ အာဆီယံနဲ့ အာရှ-ပစိဖိတ်ဒေသမှာရှိတဲ့ တခြားစီးပွားရေး အင်အားကြီးနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံဖို့ တကယ်ကို စိတ်အားထက်သန်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here