သိမ်ဖြူစာတိုက်အနီးရှိ Ye Min Aung Money Changer ဓားပြတိုက်ခံရပြီး သိန်း(၃၀၀) ကျော်နှင့် iPhone တစ်လုံးပါသွား

0
406

နိုဝင်ဘာ(၁၂) ရက် ညနေ (၄) နာရီကျော်က မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူစာတိုက် မှတ်တိုင်အနီးရှိ Ye Min Aung Money Changer တွင် ဓါးပြတိုက်မှု ဖြစ်ပွားကာ ငွေကျပ် သိန်း ၃၀၀ ကျော်နှင့် iPhone တစ်လုံး ပါသွားကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်းပေါ်  သိမ်ဖြူစာတိုက်မှတ်တိုင်အနီးရှိ Ye Min Aung Money Changer တွင် ညနေ (၄) နာရီခွဲဝင်းကျင်က မျက်နှာဖုံးများစွပ်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် လူတစ်စုက ဝင်ရောက်ဓါးပြတိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသ ည်။

လူမှုကွန်ရက်တွင် ပြန်နှံ့နေသည့် CCTV မှတ်တမ်းအရ မျက်နှာဖုံးစွပ်ထားပြီး သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား (၂) ဦး ဆိုင်အတွင်းသို့ ဝင်ရောက်လာကာ ဆိုင်အတွင်း ငွေလဲရန် ရောက်ရှိနေသူများနှင့် ‌ဝန်ထမ်းများကို သေနတ်ဖြင့်ချိန်ကာ ကောင်တာအားရိုက်ခွဲပြီး အတွင်းပိုင်းရှိအံဆွဲအတွင်းမှ ငွေများယူဆောင်သွားသည်ကို တွေ့ရှိရသည်။

” လာတာတော့ များတယ်။ ကားနဲ့လာတာ ။ဆိုင်ထဲဝင်ပြီး သေနတ်နဲ့ ဓါးပြတိုက်တာပေါ့။ မန်နေဂျာက မပေးတော့ သေနတ်နဲ့ပစ်တာ ကျည်မထွက်လို့ ဘာမှတော့ မဖြစ်သွားဘူး။ သိန်း ၃၀၀ ကျော်နဲ့ ဖုန်းတစ်လုံးပါသွားတယ်။ သေနတ်တစ်လက်နဲ့ ကျည်တချို့ ကျကျန်ခဲ့တယ်” ဟု အခင်းဖြစ်ပွားသည့် အနီးပတ်ဝန်းကျင်မှ ပြည်သူတစ်ဦးက ပြောသည်။

ဓါးပြတိုက်သူများ ဆိုင်အတွင်းမှ ပြန်လည်ထွက်ပြေးသွားစဉ် ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ်နှင့် ကျည်များ ကျကျန်ခဲ့ကြောင်းလည်း ၎င်းထံမှ သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့လယ်နှင့် လူစည်ကားရာနေရာများတွင် ဓါးပြတိုက် အနုကြမ်းစီးမှုများ မကြာခဏ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရန်ကုန်မြို့လယ် ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တစ်ခုတွင် အနုကြမ်းစီး ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပြီး ငွေသိန်း ၂၈၀ ကျော် ယူဆောင်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သေးသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း လမ်းမတော်မြို့ နယ်အတွင်းရှိ Farmer Money Changer နဲ့ Wave Money ငွေလွှဲလုပ်ငန်း  (၂) ခု ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၆၀၀ ကျော် ပါသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here