မူဆယ်(၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှတဆင့် အောက်တိုဘာလအတွင်း ဂဏန်းတန်ချိန် ၆၀၀ ကျော်နှင့်ငါးရှဥ့်တန်ချိန် ၁၇၀၀ ခန့်တင်ပို့နိုင်ခဲ့

0
311

မြန်မာ့ရေထွက်ကုန်ဖြစ်သည့် ဂဏန်းနှင့်ငါးရှဥ့်များအား တရုတ်နိုင်ငံသို့ မူဆယ်(၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်မှတဆင့် ဇွန် ၂၀ ရက်မှစတင်၍ ပြန်လည်တင်ပို့လျက်ရှိသည်ဟု ကုန်သွယ်ရေးဦးစီးဌာန၊မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ သိရသည်။

“အရင်ကတော့ ကိုဗစ်ရောဂါအခြေအနေကြောင့် တရုတ်နိုင်ငံကိုတင်ပို့နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး ဇွန် ၂၀ ရက်ကစပြီး ပြန်လည်တင်ပို့နိုင်ခဲ့တာပါ စပြီးတင်ပို့တဲ့အချိန်ကနေ အခုချိန်ထိပုံမှန်တင်ပို့နေတဲ့အနေအထားရှိပါတယ်”ဟု မူဆယ်(၁၀၅)မိုင်ကုန် သွယ်ရေးဇုန်တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ မြန်မာနိုင်ငံရှိ ကုမ္ပဏီများနှင့်တရုတ်နိုင်ငံရှိ ကုမ္ပဏီများကြားတွင် ကုမ္ပဏီချင်းချိတ်ဆက်၍ တရားဝင်တင်ပို့လျက်ရှိရာ အောက် တိုဘာလအတွင်း ဂဏန်းတန်ချိန် ၆၃၂ ဒသမ ၇၇၅ တန်၊ ငါးရှဥ့် ၁၆၇၅ ဒသမ ၁၆၈ တန် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

“အခု နိုဝင်ဘာ ၁ ရက်ကနေ ၉ ရက်အထိစာရင်းတွေအရ တရုတ်နိုင်ငံကို မူဆယ်(၁၀၅)မိုင်ကုန် သွယ်ရေးဇုန်ကနေ ဂဏန်း ၁၉၈ ဒသမ ၄၇၅ တန်နဲ့ငါးရှဥ့်က ၃၄၁ ဒသမ ၆၀ တန်တင်ပို့ထားပြီးဖြစ်ပါတယ်”ဟု မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တာဝန်ရှိသူတစ်ဦးကပြောသည်။

ဂဏန်းနှင့်ငါးရှဥ့်များအား ရန်ကုန်တိုင်း၊ဧရာဝတီ တိုင်းနှင့်ရခိုင်ပြည်နယ်တို့တွင်တို့မှစု၍ မန္တလေး တိုင်းရှိ ဒိုင်များသို့တင်ပို့ပြီးနောက် မန္တလေးတိုင်းမှတဆင့်ကားများဖြင့် မူဆယ်(၁၀၅)မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်သို့ပို့ဆောင်ကာ တရုတ်နိုင်ငံသို့ထပ်မံတင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

“လောလောဆယ်ရေထွက်ကုန်အနေနဲ့ကတော့ ဂဏန်းနဲ့ငါးရှဥ့်ပဲရှိပါသေးတယ် အဲဒီနှစ်ခုကိုပဲတင်ပို့နေပါနယ်”ဟု မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုသို့ တင်ပို့ရာတွင် ဇွန် ၂၀ ရက်မှ ဇွန်လကုန်အထိ ဂဏန်း ၁၇၁ ဒသမ ၆၃၉ တန်၊ငါးရှဥ့်  ၅၀ တမ်၊ ဇူလိုင်လတွင် ဂဏန်း ၉၄၂ ဒသမ ၅၄၃ တန်၊ငါးရှဥ့် ၁၅၇၄ ဒသမ ၄၈၀ တန်၊ သြဂုတ်လတွင် ဂဏန်း ၉၆၈ ဒသမ ၂၅၉ တန်၊ငါးရှဥ့် ၁၁၀၄ ဒသမ ၈၅၆ တန်၊ စက်တင်ဘာလတွင် ဂဏန်း ၈၅၅ ဒသမ ၃၃၃ တန်၊ငါးရှဥ့် ၁၃၇၃ ဒသမ ၉၆၀ တန်တို့အား တင်ပို့နိုင်ခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here