ထိုင်းနိုင်ငံ၊ဖေ့ချ်ဘူရီခရိုင်၊ဖစ်ကဆဲန် အဝေးပြေးလမ်းမကြီးပေါ်တွင် နိုဝင်ဘာ ၁၄ ရက်မွန်းလွဲပိုင်းက မြန်မာနိုင်ငံသား ၃ ဦးစီးလာသည့် ကိုယ်ပိုင် ကားအရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်အားဝင်တိုက်၍ တိမ်းမှောက်ခဲ့သဖြင့် ၃ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနေ့မွန်းလွဲ ၂ နာရီခွဲကျော်ခန့်က မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးနှင့်အမျိုးသမီး ၂ ဦးတို့မောင်းနှင်လိုက်ပါလာသည့် ကိုယ်ပိုင်ကားသည် ဖစ်ကဆဲန်အဝေးပြေးလမ်းမကြီး၏ နောင်ပရုန်ကွေ့အနီးတွင် အရှိန်မထိန်းနိုင်ဘဲဓာတ်တိုင်အားဝင်တိုက်၍ တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်အား သတင်းအရ ခေါင်နွဲ့နယ်မြေရဲတပ်ဖွဲ့မှတာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြရာ အခင်းဖြစ်ချိန်၌ ကားပေါ်မှလွှင့်ကျ၍ သေဆုံးသွားသည့် အသက်(၃၀)နှစ်အရွယ်ခန့်စီရှိ အမျိုး သမီး ၂ ဦး၏ ရုပ်အလောင်းများအား တွေ့ရှိခဲ့ရသည်။
ထို့ပြင် ကားအတွင်း၌ညပ်နေသည့် အသက်(၃၀) နှစ်ကျော်ခန့်ရှိ အမျိုးသားအားတွေ့ရှိရသဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်၍ ဆေး ရုံသို့ပို့ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်အား ခေါင်နွဲ့နယ်မြေရဲတပ်ဖွဲ့မှ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။