မည်သည့်အခြေနေမျိုးတွင်ဖြစ်ပါစေ နျူလက်နက်မသုံးရန်ဘိုင်ဒင်နှင့်ရှီတို့သဘောတူညီခဲ့

0
225

နိုဆာဒူဝါ၊နိုဝင်ဘာ ၁၄

ယခုဖြစ်ပေါ်နေသောအခြေနေများနှင့်ပတ်သက်၍ ယူကရိန်းအရေးအပါအဝင် မည်သို့သောအခြေအနေမျိုးတွင်မှ နျူလက်နက်လုံးဝအသုံးမပြုသင့်ကြောင်း သမ္မတရှီနှင့်သမ္မတဘိုင်ဒင်တို့၏တွေ့ဆုံမှုတွင် သဘောတူညီခဲ့ကြသည်ဟု အိမ်ဖြူတော်၏ကြေငြာချက်တွင်ပါရှိသည်။

ဆွေးနွေးပွဲအစတွင် သမ္မတဘိုင်ဒင်က ကမ္ဘာ့အင်အားကြီးနိုင်ငံများဖြစ်သည့် မိမိတို့နှစ်နိုင်ငံအနေဖြင့် မတူကွဲပြားမှုများကိုစီမံခန့်ခွဲနိုင်ပြီး ပြိုင်ဆိုင်မှုမှ ရန်လိုမှု ဖြစ်မလာစေရန်တားဆီးနိုင်ကြောင်း ကမ္ဘာ့အသိုင်းအဝိုင်းကိုချပြရန် တာဝန်ရှိသည်ဟုပြောကြားခဲ့ကာသမ္မတရှီအားလက်ဆွဲနှုတ်ဆက်ခဲ့သည်။

ယင်းနောက်အိမ်ဖြူတော်၏ထုတ်ပြန်ချက်တွင် အမေရိကအနေဖြင့်တရုတ်နှင့်ယှဉ်ပြိုင်နေဦးမည်ဖြစ်သော်လည်း အဆိုပါယှဉ်ပြိုင်မှုသည် ပဋိပက္ခသို့ဦးတည်သွားလိမ့်မည်မဟုတ်ကြောင်းပြောကြားခဲ့သည်။ဆက်လက်၍လည်း သမ္မတဘိုင်ဒင်က ထိုင်ဝမ်အပေါ်တရုတ်၏အတင်းအကျပ်ပြုမူမှုများကို ကန့်ကွက်ကြောင်းပြောကြားခဲ့ပြီး ယင်းသို့ပြုမူခြင်းများက ထိုင်ဝမ်ရေလက်ကြားတစ်လျှောက်နှင့်ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးတို့ကို ထိခိုက်စေသည်ဟုလည်းပြောကြားခဲ့ကြောင်းဖော်ပြထားသည်။

ယင်းနောက်ပြုံယမ်း၏စံချိန်တင်ဒုံးကျည်ပစ်လွှတ်မှုများနှင့် နျူကလီးယားစမ်းသပ်မှုအသစ်အတွက် စိုးရိမ်မှုများတိုးပွားလာပြီးနောက် မြောက်ကိုရီးယားအားထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ရန် ကမ္ဘာကတိုက်တွန်းသင့်ကြောင်းလည်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံပိုင်မီဒီယာ၏တင်ပြချက်အရ သမ္မတရှီကမူကန်သမ္မတအား ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ လိုအပ်သည်ထက်ပိုမစွက်ဖက်ရန်သတိပေးခဲ့ကြောင်းသိရှိရသည်။ယင်းနောက်သမ္မတရှီက ကန်သမ္မတအားပြောကြားရာတွင် ကမ္ဘာကြီးသည်၎င်းတို့နှစ်နိုင်ငံလုံးအကျိုးစီးပွားအတွက် လုံလောက်ကြောင်းနှင့်အချင်းချင်းအကျိုးစီးပွားကို မထိခိုက်စေနိုင်ကြောင်းလည်းပြောကြားခဲ့သည်။

ပေကျင်းအနေဖြင့်ကန်နိုင်ငံအား စိန်ခေါ်လိုခြင်းမရှိကြောင်းနှင့်တည်ရှိဆဲနိုင်ငံတကာစည်းမျဉ်းများကို ပြောင်းလဲစေလိုခြင်းမရှိကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပြီး နှစ်နိုင်ငံလုံးအနေဖြင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံအပြန်အလှန်လေးစားမှုရှိရန်လိုအပ်ကြောင်းလည်းတောင်းဆိုခဲ့သည်။

နောက်ဆုံးတွင်သမ္မတနှစ်ဦးသည် ယူကရိန်းအရေးနှင့်ပတ်သက်၍ဆက်လက်ဆွေးနွေးခဲ့ကြပြီး တရုတ်နိုင်ငံအနေဖြင့်ပဋိပက္ခအပေါ်လွန်စွာစိုးရိမ်ကြောင်း သမ္မတရှီကပြောကြားကာ ရုရှားနှင့်ယူကရိန်းအား ဆွေးနွေးညှိနှိုင်းစေလိုသည်ဟုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here