ကိုရီးယား၌ကမ္ဘာ့သမိုင်းမြို့တော်များညီလာခံတွင်ရန်ကုန်မြို့ပြဖွံဖြိုးရေးမဟာဗျူဟာကို ရန်ကုန်မြို့တော်ဝန်​ဆွေး​နွေး

0
216

ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးက ကိုရီးယားနိုင်ငံ၊အင်ဒုံမြို့၊အင်ဒုံအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ နိုဝင်ဘာ ၁၄ ရက်ညနေ ၄ နာရီ တွင်ပြုလုပ်ခဲ့သည့် Experts meeting သို့သွားရောက်ဆွေးနွေးခဲ့သည်။

“ရန်ကုန်မြို့ဟာ နိုင်ငံတကာစီးပွားရေးနဲ့ငွေကြေးဆိုင်ရာလုပ်ငန်းတွေ သယ်ယူပို့ဆောင်ရေးအ တွက် အချက်အခြာနေရာအဖြစ်တည်ရှိနေပါတယ် ။ရန်ကုန်မြို့မှာ ယဉ်ကျေးမှုနဲ့သမိုင်းအမွေအ နှစ်အရ အထိမ်းအမှတ်အဆောက်အဦးနဲ့နေရာများစွာရှိပါတယ် ။ရွှေတိဂုံစေတီတော်နဲ့ကိုလိုနီခေတ်ဗိသုကာအဆောက်အဦးတွေကအထင်ရှားဆုံးဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်က ဆွေး နွေးပြောကြားခဲ့သည်။

လက်ရှိအချိန်၌ အဆင့်မြင့်အဆောက်အဦးများပေါ်ထွက်လာသော်လည်း မြို့ပြအမွေအနှစ် အ ဆောက်အဦးများအား ဆက်လက်ထိန်းသိမ်းလျက်ရှိကာ မြို့ပြအင်္ဂါရပ်များမပျောက်ကွယ်စေရန် မြို့၏ထင်ရှားသည့် မြင်ကွင်းလမ်းကြောင်းများကို ထိန်းသိမ်းခြင်းအား ဒေသတွင်းသာမက နိုင်ငံတကာအဖွဲ့အစည်းများဖြင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်မှ ရန်ကုန်မြို့တွင်း၌ သ မိုင်းကြောင်းအရ၊ဗိသုကာလက်ရာများအရ ထင် ရှားသည့် မြို့ပြအမွေအနှစ်အဆောက်အဦး (၁၈၉)လုံးအား သတ်မှတ်ထိန်းသိမ်းခဲ့ပြီး မြို့ပြအမွေအနှစ်(၃၆)နေရာအား အပြာရောင်ကမ္ပည်းပြားများကိုတပ်ဆင်ထား​ကြောင်းရှင်းပြသည်။ 

“ရန်ကုန်မြို့ပြအမွေအနှစ်ကို ထိန်းသိမ်းရာမှာ ထိတွေ့ကိုင်တွယ်လို့ရတဲ့ အမွေအနှစ်ဖြစ်တဲ့ အဆောက်အဦးနဲ့နေရာတွေအပြင် ထိတွေ့ကိုင်တွယ်လို့မရတဲ့အမွေအနှစ်ဖြစ်တဲ့ လူနေမှုစနစ်ကိုပါထိန်းသိမ်းဖို့လိုအပ်ပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်ကဆိုသည်။

ရန်ကုန်၏မြို့ပြအမွေအနှစ်ဖြစ်သည့် ရန်ကုန်မြို့လယ်ဒေသသည် အိမ်ဆိုင်များ၊စီးပွားရေးလုပ် ငန်းကြီးများ၊သယ်ယူပို့ဆောင်ရေးလုပ်ငန်းများရောယှက်လျက်ရှိရာ မူလနေထိုင်သူများ၏ လူမှုဘဝကွယ်ပျောက်မသွားစေရန်နှင့်လူနေမှုဘဝမြှင့်တင်နိုင်ရေး၊သာယာသည့်ပတ်ဝန်းကျင်ဖော်ဆောင်နိုင်ရန် နောက်ဖေးလမ်းကြားဥယျာဉ်များကို ဖော်ဆောင်ခဲ့သည်ဟု ပြောသည်။

ထို့ပြင် မြို့ပြစီမံကိန်းဌာနအားဖွဲ့စည်း၍ ရန်ကုန်မြို့ပြဖွံဖြိုးရေးမဟာဗျူဟာစီမံကိန်းရေးဆွဲကာ ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အစီအမံများထည့်သွင်းဆောင်ရွက်ထားမူများရှင်းလင်း​ပြောပြသည်။

“အဲဒီဌာနက ရန်ကုန်မြို့ရဲ့ ဇုန်သတ်မှတ်ချက်စည်း မျဉ်းတွေရေးဆွဲပြီး ဖွံဖြိုးမှုလုပ်ငန်းအသစ်တွေနဲ့  မြို့ပြအမွေအနှစ်ထိန်းသိမ်းရေးကို ဟန်ချက်ညီအောင်ထိန်းကျောင်းနေပါတယ်။ ရန်ကုန်မြို့ကို” စိမ်းလန်းသန့်ရှင်းတရားမျှတ၍ ဆန်းသစ်တီထွင်သော ခေတ်မီမြို့တော်ဖြစ်ရမည်”ဟု ရည်မှန်းထားပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

ထို့ပြင် ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးသည် ည ၆ နာရီတွင် အင်ဒုံမြို့တော်ဝန် Mr. Kwon Gi-Chang နှင့်တာဝန်ရှိသူများအားတွေ့ဆုံ၍ မြို့ပြအမွေအ နှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် အမြင်ချင်းဖလှယ်ကာပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးသည် (၁၈)ကြိမ်မြောက် ကမ္ဘာ့သမိုင်းမြို့တော်များညီလာခံသို့ တက်ရောက်ကာ ဆက်စပ်ဆွေးနွေးပွဲများကိုလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here