ကမ္ဘာလုံးဆိုင်ရာရာသီဥတုအခြေအနေအတွက် အမေဇုန်မိုးသစ်တောသည်အရေးကြီးဟုဘရာဇီးသမ္မတဆို

0
142

ရှမ်အယ်လ်ရှိတ်ခ်၊နိုဝင်ဘာ ၁၇

ဘရာဇီးသမ္မတသည် အီဂျစ်နိုင်ငံ၌ကျင်းပနေသည့် COP – 27 အစည်းအဝေး၌ အမေဇုန်မိုးသစ်တောအားထိန်းသိမ်းလျက် ကမ္ဘာ့ရာသီဥတုဆိုင်ရာပြဿနာများကိုလျှော့ချနိုင်အောင် ပြုလုပ်မည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်။

ယခုလက်ရှိဘရာဇီးသမ္မတမစ္စတာလူလာသည် မိုးသစ်တောအများအပြားပျက်စီးမှုကြောင့် ဝေဖန်ခံခဲ့ရသည့် ယခင်သမ္မတဂျာရစ်ဘော်ဆိုနာရိုအား ပြီးခဲ့သည့်လကအနိုင်ရရှိခဲ့ခြင်းဖြစ်သည်။၎င်းသည်လာမည့် ၂၀၂၅ ခုနှစ်တွင် ဘရာဇီးအား COP – 30 ကိုလက်ခံကျင်းပမည့်အိမ်ရှင်နိုင်ငံအဖြစ်ရည်ရွယ်ထားပြီး လူနေထူထပ်သောကမ်းရိုးတန်းဒေသထက် မိုးသစ်တောများရှိသောဧရိယာတွင်သာကျင်းပရန်လည်း ရည်ရွယ်ထားကြောင်းသိရှိရသည်။

စတုရန်းကီလိုမီတာ ၆ သန်းကျော်ကျယ်ဝန်းသော ကမ္ဘာ့အကြီးဆုံးမိုးသစ်တော အမေဇုန်သည် ဖန်လုံအိမ်ဓာတ်ငွေ့အမြောက်အများကို စုပ်ယူထားနိုင်ပြီး အဆိုပါသစ်တောပျက်စီးသွားပါက ဖန်လုံအိမ်ဓာတ်ငွေ့များကိုစုပ်ယူထားနိုင်ခြင်းမရှိတော့သဖြင့် ကမ္ဘာ့ရာသီဥတုအားအဆိုးရွားဆုံးထိခိုက်စေမည်ဖြစ်သည်။

ထို့ပြင်ဘရာဇီးသမ္မတသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာပြဿနာများကို ဖြေရှင်းရန်ပျက်ကွက်ခဲ့ပြီး စစ်ပွဲအတွက်သာဒေါ်လာထရီလျံနှင့်ချီသုံးစွဲနေသည့် ကမ္ဘာ့ခေါင်းဆောင်များကိုလည်းဝေဖန်ခဲ့သည်။

ယင်းနောက်၎င်းက ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်စေရန်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချနိုင်ရန်အတွက်လည်း နွမ်းပါးသောနိုင်ငံများကိုထောက်ပံ့ပေးရန် တစ်နှစ်လျှင်ဒေါ်လာ ၁၀၀ ဘီလျံထောက်ပံ့မည်ဟူသော ၎င်းတို့၏ယခင်ကကတိကဝတ်များကိုဖြည့်ဆည်းပေးရန်လည်း တောင်းဆိုမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ယခုလက်ရှိသမ္မတမစ္စတာလူလာသည် ယခင်ကလည်းသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးဖြစ်ကာ ၂၀၀၃ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အတွင်း၎င်း၏ပထမဆုံးသမ္မတသက်တမ်း၌ အမေဇုန်တောပြုန်းမှုကိုစံချိန်တင်လျှော့ချနိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here