NLD ဗဟိုအလုပ်အမှုဆောင်များ အပါအဝင် အကျဉ်းသားအများအပြားလွတ်မြောက်လာမှုကို အာဆီယံက ဝမ်း‌‌မြောက်စွာကြိုဆို

0
266

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ အပါအဝင် အကျဉ်းသားအများအပြားလွတ်မြောက်လာမှုကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်က ဝမ်းသာကြိုဆိုကြောင်း ပြောကြားခဲ့သည်။

လွတ်မြောက်လာသူများတွင် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ အပါအဝင် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်၊ ၈၈၈၈ မျိုးဆက် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဦးမြအေး၊ အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲဝင် ဦးသိန်းဦး၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ ပါမောက္ခ မောင်သာချို၊ ရွှေညဝါဆရာတော်၊ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း မစ္စ ဗစ်ကီ ဗောင်းမန်း နှင့် သူ၏ ခင်ပွန်း၊ ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးမူဝါဒအကြံပေးဟောင်း ပါမောက္ခ ရှောင်တာနယ်၊ ဂျပန်သတင်းထောက်နှင့် ရုပ်ရှင်ထုတ်လုပ်သူ မစ္စတာ တိုယု ကူဘိုတာနှင့် အမေရိကန် နိုင်ငံသား ဦးကျော်ဌေးဦးတို့ ပါဝင်သည်။

ထိုသို့ အကျဉ်းသားအများအပြားအား လွတ်ငြိမ်းခွင့်ပေးခြင်းသည် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာပါတီများကြား တွေ့ဆုံဆွေးနွေးရေးပွဲများ စတင်ရန်အတွက် အပြုသဘောဆောင်သော လမ်းကြောင်းမှန်ကို ဖန်တီးပေးမည့် အရေးကြီးသော အပြုအမူဖြစ်သည်ဟု ယူဆကြောင်း အထူးသံတမန်က သတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

ထိုအပြုအမူမှာ လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းစွာ အဖြေရှာရာတွင် လုပ်ဆောင်ရမည့် ကောင်းမွန်သော လုပ်ရပ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် အာဆီယံခေါင်းဆောင်များ အစည်းအဝေး၌ သဘောတူညီခဲ့သော အချက်ငါးချက်ပါ သဘောထားဆန္ဒနှင့် ကိုက်ညီသည့် အပြုသဘောဆောင် လုပ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံအား ပုံမှန်အခြေအနေနှင့် ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်လည်ရောက်ရှိရေး ကြိုးပမ်းရန်အတွက် အထူးသံတမန်သည် လာမည့်သီတင်းပတ်များအတွင်း မြန်မာနိုင်ငံသို့ တတိယအကြိမ်အဖြစ် လာရောက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အာဆီယံခေါင်းဆောင်များ၏ အချက်ငါးချက်ပါ သဘောတူညီချက်မှ သုံးချက်ဖြစ်သည့် အကြမ်းဖက်မှုများ အဆုံးသတ်ရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာ၌ လွယ်ကူချောမွေ့စေရေး၊ အားလုံးပါဝင်နိုင်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နိုင်ရေး အချက်တို့တွင် ပိုမိုတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဟု သူက မျှော်လင့်ကြောင်း ထပ်လောင်းပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here