မစ္စတာရှောင်တာနယ်လွတ်အောင်စွမ်းဆောင်နိုင်ခဲ့သည့် အာဆီယံဥက္ကဌ  ကမ္ဘောဒီးယားခေါင်းဆောင်ကို ဩစတြေးလျဝန်ကြီးချုပ်ချီးကျူးဂုဏ်ပြု

0
241

ဖနွမ်းပင်၊နိုဝင်ဘာ ၁၉

ဩစတြေးလျဝန်ကြီးချုပ်မစ္စတာ အန်တိုနီအယ်လ်ဘနီးဇ်သည် ဒေါ်အောင်ဆန်းစုကြည်အစိုးရ၏ စီးပွားရေးအကြံပေးဟောင်း ဩစတြေးလျနိုင်ငံသား မစ္စတာရှောင်တာနယ်ကိုလွတ်မြောက်‌အောင်ကြိုးပမ်းနိုင်ခဲ့သည့် အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားဝန်ကြီးချုပ်အား ချီးကျူးဂုဏ်ပြုခဲ့ကြောင်းသိရှိရသည်။

“ကျွန်တော့်အနေနဲ့ အာဆီယံဥက္ကဌနဲ့အာဆီယံမိတ်ဆွေအသိုင်းအဝိုင်းကို တကယ်လှိုက်လှိုက်လှဲလှဲကျေးဇူးတင်လိုပါတယ်၊အထူးသဖြင့် အာဆီယံဥက္ကဌနိုင်ငံအနေနဲ့ ရှောင်တာနယ်လွတ်မြောက်ဖို့ တောက်လျှောက်ဖိအားပေးတောင်းဆိုခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်မစ္စတာဟွန်ဆန်ကိုပါ” ဟု နိုဝင်ဘာ ၁၇ ရက်နေ့က ထိုင်းနိုင်ငံဘန်ကောက်မြို့၌ကျင်းပပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

မစ္စတာရှောင်တာနယ်သည် နိုဝင်ဘာလ ၁၇ ရက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် လွတ်ငြိမ်းချမ်းသာပေးမှုတွင် ပါဝင်လွတ်မြောက်ခဲ့ပြီး ၎င်းနှင့်အတူ အခြားနိုင်ငံခြားသားများဖြစ်ကြသည့် မြန်မာနိုင်ငံဆိုင်ရာ အင်္ဂလန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်းနှင့်သူမ၏ခင်ပွန်း ၊ဂျပန်နိုင်ငံသားမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာတိုရူကူဘိုတာအပါအဝင် အမေရိကန်နိုင်ငံသားခံယူထားသည့် မြန်မာနိုင်ငံသား ဦးကျော်ဌေးဦးတို့နှင့်အတူ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

အာဆီယံဥက္ကဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကလည်း ယခုကဲ့သို့အကျဉ်းသားအမြောက်အများလွှတ်ပေးမှုကို ဝမ်းသာကြိုဆိုကြောင်းထုတ်ပြန်ကြေငြာခဲ့သည်။

ထို့ပြင်ယခုလုပ်ရပ်အား မြန်မာ့အရေးပုံမှန်ပြန်ဖြစ်စေရန်အတွက် သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးနိုင်ရေးလမ်းကြောင်းကို ဖန်တီးနိုင်မည့် ပဏာမခြေလှမ်းအဖြစ်ယူဆကြောင်းလည်းပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်နေသောအကျပ်အတည်းကို ငြိိမ်းချမ်းရေးနည်းလမ်းဖြင့် အဖြေရှာရန်အတွက် ကောင်းမွန်သောလုပ်ဆောင်ချက်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်၌ပြုလုပ်ခဲ့သည့် အာဆီယံခေါင်းဆောင်များအစည်းအဝေးအတွင်း သဘောတူညီခဲ့ကြသည့် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာ၌ အပြုသဘောဆောင်သော တိုးတက်မှုတစ်ရပ်အဖြစ် ရှုမြင်သည်ဟုလည်းထပ်မံပြောကြားခဲ့သည်။

Source : Khmer times


LEAVE A REPLY

Please enter your comment!
Please enter your name here