စွမ်းအင်အကျပ်အတည်းများကြောင့် ယခုဆောင်းရာသီအတွင်း ယူကရိန်းပြည်သူများ သန်းနှင့်ချီ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရဟု WHOသတိပေး

0
246

ကိယက်ဗ်၊ နိုဝင်ဘာ ၂၂

ရုရှားနိုင်ငံသည် ယူကရိန်း၌ အပူချိန်များ ကျဆင်းလာစဉ် စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံများကို ဆက်လက် ပစ်မှတ်ထား တိုက်ခိုက်နေသောကြောင့် ယခုနှစ် ဆောင်းရာသီအတွင်း သန်းနှင့်ချီသော ယူကရိန်းပြည်သူများမှာ အသက်န္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ကျန်းမားရေး အဖွဲ့အစည်း (WHO) က သတိပေးထားသည်။

ပြီးခဲ့သည့် အပတ်များအတွင်း ရုရှားသည် ယူကရိန်း၏ ရေနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများ ကိုဒုံးကျည်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် ယူကရိန်းနိုင်ငံ အနှံ့ရှိ နေအိမ်များသည် ဆောင်းဝင်လာချိန်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဒဏ်နှင့် ရင်ဆိုင်လာခဲ့ရသည်။

“ယူကရိန်းမှာရှိတဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အ အုံတွေရဲ့ ထက်ဝက်လောက်ဟာ ထိခိုက်တာ၊ ဒါမှမဟုတ် ဖျက်ဆီးတာ ခံထားရပါတယ်၊ ဒီအခြေအနေတွေနဲ့တင် ကျန်းမာရေးစနစ်နဲ့ လူတွေရဲ့ ကျန်းမာရေးအပေါ် သွယ်ဝိုက်သောနည်းနဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ရှိနေပါပြီ” ဟု ဥရောပရှိ WHO ၏ ဒေသဆိုင်ရာ Hans Henri P Kluge ပြောခဲ့သည်။

ယူကရိန်းနိုင်ငံသား ၁၀ သန်း သည် ယခုလက်ရှိတွင် လျှပ်စစ်မီးမရှိဘဲ နေထိုင်ရပြီး ယခုဆောင်းရာသီအတွင်း အသက်မဆုံးရှုံးရန် ရုန်းကန်ရှင်သန်ရမည် ဖြစ်ကြောင်း ၎င်းက ကိယက်ဗ်မြို့ရှိ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

စွမ်းအင်အကျပ်အတည်းများ၊ စစ်ပွဲကြောင့် ရလာသော စိတ်ကျန်းမာရေး အခြေအနေများ၊ ပြည်ပမှ အကူအညီများ ထောက်ပံ့ရာတွင် ကန့်သတ်ချက်များ ရှိနေခြင်းနှင့် ဗိုင်းရပ်စ်ကူးစက်နိုင်မှု အန္တရာယ်များကြောင့် ယခုဆောင်းရာသီအတွင်း ယူကရိန်းပြည်သူများ၏ အသက်အန္တရာယ်မှာ စိုးရိမ်ရသည့် အခြေအနေ ရောက်နေကြောင်း ၎င်းကဆိုသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here