အီတလီတောင်ပိုင်းတွင် မြေပြိုမှုကြောင့် လူ ခုနှစ်ဦး သေဆုံး

0
135

အီတလီတောင်ပိုင်း အိစ့်စကီရာကျွန်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှု ဖြစ်ပွားခဲ့ရာ မွေးကင်းစကလေး တစ်ဦးနှင့် ကလေးနှစ်ဦး အပါအဝင် အနည်းဆုံး လူ ခုနှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

လူငါးဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်းနှင့် ကယ်ဆယ်ရေး ရေငုပ်သမားများသည်လည်း ပင်လယ်ကမ်းခြေအနီးတွင် ရှာဖွေရေးများ ပြုလုပ်နေကြောင်း နေပယ် စီရင်စု အုပ်ချုပ်ရေးမှူး ကလောင်ဒီယို ပါလုံဘာက တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ ပြောခဲ့သည်။

ထူးခြားသော မိုးရွာသွန်းမှုကြောင့် စနေနေ့ နံနက် အရုဏ်မတက်မီ မြေပြိုမှုကြီး ဖြစ်ပွားခဲ့ပြီး ရွံ့နှင် အမှိုက်သရိုက် အစအနများသည် ကာဆာမီချိုလာ တဲမယ်လ် ဆိပ်ကမ်းမြို့သို့ တရှိန်ထိုး ဝင်ရောက်လာခဲ့သည်။

မြေပြိုမှုကြောင့် အဆောက်အအုံများ ပြိုကျသွားပြီး မော်တော်ကား အများအပြား ပင်လယ်ထဲသို့ ရောက်ရှိသွားပုံကို ဓာတ်ပုံများနှင့် ဝေဟင်ရိုက် ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။

အဆိုပါ ကျွန်း၌ ခြောက်နာရီအတွင်း မိုးရေချိန် ၁၂၆ မီလီမီတာ (ငါးလက်မနီးပါး) ရွာသွန်းခဲ့ပြီး နှစ် ၂၀ အတွင်း မိုးရေချိန် အများဆုံး ရွာသွန်းမှုဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here