ယူကရိန်းရှိ ရှေးရိုးခရစ်ယာန်အသင်းခွဲအချို့တွင် ရုရှားဒလန်များရှိနေကြောင်း ဇယ်လန်းစကီးဆိုခဲ့ပြီးနောက် အသင်းတော်အဆောက်အအုံ ၉ ခုအား စီးနင်းရှာဖွေမှုများပြုလုပ်

0
156

ယူကရိန်းနိုင်ငံ ရှိရှေးရိုးခရစ်ယာန်အသင်းတော်(Orthodox Church)၏ အသင်းခွဲအချို့တွင် ရုရှားထံသို့ သတင်းများပေးပို့နေသည့် သူလျှိုဒလန်တို့ရှိနေကြောင်း သမ္မတ ဇယ်လန်းစကီးက ပြောကြားခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ Rivne၊ Zhytomyr နှင့် Zakarpattia ဒေသများရှိ အဆိုပါအသင်းတော်အဆောက်အအုံများအား ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် သောကြာနေ့ နံနက်စောစောပိုင်းတွင် ဝင်ရောက်စီးနင်းကာ စစ်ဆေးရှာဖွေမှုများပြုလုပ်ခဲ့သည်။

ယူကရိန်းလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဝတ်ပြုဆောင်များ၊ ရုံးခန်းများ၊ ဘုန်းတော်ကြီးများနှင့် အသင်းတော်ဝန်ထမ်းတို့နေထိုင်ရာ တန်းလျားများကိုဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပြီး၊ နိုင်ငံကူးလက်များနှင့် ID ကဒ်များကို စစ်ဆေးခဲ့ကြသည်။ စာအုပ်များ စာရွက်စာတန်းများနှင့် ငွေစက္ကူအချို့ကိုပါ သိမ်းဆည်းသွားကြသော်လည်း မည်သူ့ကိုမျှ ထိန်းသိမ်းဖမ်းဆီးမှုမပြုလုပ်ခဲ့ကြောင်းသိရသည်။

ယူကရိန်းထောက်လှမ်းရေးတပ်ဖွဲ့(Security Service of Ukraine – SBU)၏ တရားဝင် တယ်လီဂရမ်ချယ်နယ်တွင်မူ ယူကရိန်းနိုင်ငံအတွင်းရှိ ဘာသာရေးအဆောက်အအုံ ၉ ခုတို့တွင် “တန်ပြန်ထောက်လှမ်းရေးဆောင်ရွက်မှု”များကို ပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စီးနင်းမှုများတွင် ယူကရိန်းရဲတပ်ဖွဲ့နှင့် အမျိုးသားလုံခြုံရေးတပ်ဖွဲ့များလည်းပါဝင်ကြပြီး “တရားမဝင်သော လှုပ်ရှားမှုများတွင် ပါဝင်ပတ်သက်သူများနှင့် ဖြန့်ဝေခြင်းမပြုရန် တားမြစ်ထားသော ပစ္စည်းများကို ရှာဖွေရန်”အတွက်ဟု SBU ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ရုရှားလိုလားသော စာပေများ၊ ရုရှားငွေကြေးများနှင့် စာရွက်စာတန်းအတုများကို အဆိုပါအဆောက်အအုံများအတွင် ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း SBU ကဆိုထားသည်။

ရုရှားတို့နှင့်အဆက်အသွယ်လုပ်သော ရှေးရိုးခရစ်ယာန်အသင်းတော်ဌာနခွဲများကို တားဆီးပေးရန် သမ္မတ ဇယ်လန်းစကီးက လွှတ်တော်အမတ်များအား တောင်းဆိုထားသည်။

Source: Anadolu Agency, The Times


LEAVE A REPLY

Please enter your comment!
Please enter your name here