နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် အွန်းလိုင်းမှ ရက် ချိန်းယူသည့် စနစ်ကို ရပ်နားကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကြေညာ

0
526

နိုင်ငံကူးလက်မှတ်လျှောက်ထားရန် အွန်လိုင်းမှ ကြိုတင်ရက်ချိန်းယူသည့် စနစ်ကို ရပ်နားကြောင်းကြေညာလိုက်သည့်အတွက် မှောင်ခိုဈေးကွက် ပိုမိုအားကောင်းလာမည်ကို စိုးရိမ်မှုရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။

ယမန်နေ့က နိုင်ငံကူး လက်မှတ် လျှောက်ထားရန် အွန်လိုင်းမှ တဆင့် ရက်ချိန်းရယူနိုင်ပြီး ယင်းအစီအစဉ်ကို ယနေ့ ဒီဇင်ဘာလ (၅)ရက်မှ စတင်၍ ရပ်ဆိုင်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့(ရန်ကုန်)က အသိပေးထုတ်ပြန်ထားသည်။

” မှောင်ခိုဈေးကွက်တွေ ပိုပြီး အားကောင်းလာမှာ စိုးရိမ်ရတယ်။ နဂိုတည်းကမှ အချိန်မစောင့်နိုင်တဲ့သူတို့ တန်းစီရမှာ အခက်အခဲရှိတဲ့သူတို့က ‌ငွေပေးပြီးတော့နီးစပ်ရာတွေ နဲ့ လုပ်နေကြတာက ထုံးစံလို ဖြစ်နေတာလေ။ သူတို့ ပြင်ဆင်ရေးဆွဲနေတာတွေရှိလို့ ရပ်ဆိုင်းတာလို့တော့ ထုတ်ပြန်ချက်ထဲမှာတွေ့ရတာပဲ။ စောင့်တော့ ကြည့်ရဦးမှာပေါ့။ တစ်ခုခုအစီအစဉ်ရှိလို့ ဖြစ်ပါလိမ့်မယ်။ ပိုကောင်းတဲ့ အစီအစဉ် ဖြစ်လာဖို့ပဲလိုတာပေါ့နော်။ မဟုတ်ရင် အခက်အခဲရှိနိုင်တာပေါ့” ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေး လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် QR Code ရယူလိုသူများထံ ပွဲစားများက ဈေးမတန် တဆတောင်းခံကာ ရောင်းချဝယ်ယူခြင်းများ ရှိနေခြင်းနှင့် QR Code အား လက်လွှဲရယူခြင်းများရှိနေသည့်အတွက် ယင်းသို့မပြုလုပ်ကြရန်လည်း အသိပေးထားသည်။

လတ်တလောတွင် အွန်လိုင်းမှ ရက်ချိန်းကြိုတင် ရယူသည့် စနစ်ကို ရပ်ဆိုင်းထားသော်လည်း ပိတ်ရက်မရှိ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ကြောင်းလည်း အသိပေးထားသည်။

ထို့အပြင် စနစ်ဟောင်းမှ QR Code ဖြင့် ရက်ချိန်းရယူထားပြီးသူများအနေဖြင့် ရက်ချိန်းရရှိထားသည့် နေ့ရက်များအတိုင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ဆို သည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် လွယ်ကူအဆင် ပြေစေရန် Online Booking စနစ်ဖြင့် QR Code ရယူ၍ ရက်ချိန်းရယူလျှောက်ထားခြင်းကို မတ်လ ၃ ရက်တွင် စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး (၁၀) လအကြာ ဒီဇင်ဘာ (၅) ရက်တွင် ပြန်လည်ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အွန်လိုင်းမှတဆင့်ရက်ချိန်းရယူရန် QR Code ရရှိရန်အတွက် ငွေသိန်းနှင့်ချီပေးနေရပြီး ရုံးဖွင့်ရက်များ တွင် နိုင်ငံကူးလက်မှတ် လျှောက်ထားရန် လာရောက်လျှောက်ထားသူ ရာနှင့်ချီရှိနေကြောင်းလည်း မြေပြင်သ တင်းရင်းမြစ်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here