ခရီးသည်တင် YBS ကားများပေါ်၌ ထူးခြားဖြစ်စဥ်များကြုံတွေ့လာပါက SOS Button နှိပ်၍ YBO Control Center သို့အကြောင်းကြားနိုင်သည့် စနစ်တပ်ဆင်ပေးထား

0
428

ရန်ကုန်တိုင်းအတွင်း၌ ပြေးဆွဲလျက်ရှိသည့် ခရီး သည်တင် YBS ကားများပေါ်၌ ထူးခြားဖြစ်စဥ်များကြုံတွေ့လာရပါက ကားမောင်းသူမှ SOS Button အားနှိပ်၍ YBO Control Center သို့ အကြောင်းကြားနိုင်သည့် Telematics စနစ်ကိုတပ်ဆင်ပေးထားကြောင်း သိရသည်။

“ကားပေါ်မှ ထူးခြားဖြစ်စဉ်တွေဖြစ်လာရင် ကားမောင်းတဲ့လူက SOS Button ကိုနှိပ်ပြီး စကား ပြောပြီးတော့ ဖြစ်စဥ်ကို YBO Control Center ဆီအကြောင်းကြားလို့ရတယ် စကားနဲ့အကြောင်း ကြားလို့မရတဲ့အခြေအနေဆိုရင်လည်း Button ကို ၃ ခါနှိပ်ပြီးအကြောင်းကြားလို့ရအောင်စီစဥ်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ တွဲဖက်အတွင်းရေးမှူးဦးလျန်ကျင့်မန်ကပြောသည်။

ထိုသို့ အကြောင်းကြားလာပါက YBO Control Center မှတဆင့် ရဲတပ်ဖွဲ့ထံအကြောင်းကြားကာ ဖြစ်စဥ်အားလျင်မြန်စွာထိန်းချုပ်နိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် YBS ကားမောင်းသူများအနေဖြင့် ကားပေါ်၌ ခါးပိုက်နှိုက်မှု၊လုယက်မှု၊အကြမ်းဖက်မှုဖြစ်စဥ်များ ဖြစ်ပွားလာပါက YBO Control Center သို့ ဆက်သွယ်အကြောင်းကြားရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

YBS ကားများပေါ်၌လိုက်ပါစီးနင်းသည့် ခရီး သည်များအနေဖြင့်လည်း ကားပေါ်၌ ၎င်းတို့သတိပြုမိသည့်ထူးခြားဖြစ်စဥ်များတွေ့ရှိလာပါက YRTC ထံသို့ဆက်သွယ်သတင်းပေးပို့ရန် တိုက်တွန်းနှိုးဆော်ထားသည်။

လက်ရှိအချိန်၌ Telematics စနစ် SOS Button အား YBS ခရီးသည်တင်အချို့၌ တပ်ဆင်ထားပြီးဖြစ်ကာ ကျန်ရှိသည့် YBS ခရီးသည်တင်ကားများအားလုံးတွင် တပ်ဆင်သွားရန်လည်း YRTC မှဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အတူ CCTV တပ်ဆင်ရခြင်းမရှိသေးသည့် အ ချို့ YBS ကားများပေါ်၌ CCTV များဆက်လက်တပ်ဆင်ပြီး ပျက်စီးနေသည့် CCTV များရှိပါက အမြန်ဆုံးပြန်လည်ပြင်ဆင်ရန်လည်း YRTC ကညွှန်ကြားထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here