လောက်ကိုင်မြို့တွင် တိုက်ပွဲဖြစ်ပေါ်လာနိုင်သည့်အခြေအနေကြောင့် နေရပ်ပြန်သူအများအပြားရှိနေ

0
428

ရှမ်းပြည်နယ်၊ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လောက်ကိုင်မြို့တွင် တိုက်ပွဲဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကြောင့် ဒေသအသီးသီးမှလာရောက်အလုပ်လုပ်ကိုင်နေသူများသည် နေရပ်များသို့ပြန်လည်ထွက်ခွာလျက်ရှိသည်။

နေရပ်ပြန်သူများသည် ဒီဇင်ဘာ ၆ ရက်(ယနေ့)မှစ၍ ကားများဌား၍ ပြန်လည်ထွက်ခွာနေကြခြင်းဖြစ်ကာ လောက်ကိုင်ဒေသခံအချို့လည်း လောက်ကိုင်မြို့အားစွန့်ခွာတိမ်းရှောင်မှုများရှိနေသည်ဟု သိရသည်။

“အခု အတော်များများကတော့ပြန်နေကြတယ် ကားဌားပြီးပြန်ကြတာများတယ် တိုက်ပွဲဖြစ်လာမလား မဖြစ်လာမလားဆိုတာကတော့မသိဘူး သေနတ်သံတွေကတော့တစ်ချက်တစ်ချက်ကြားရတယ် အခုသိရသလောက်ဆိုရင် ကားတွေတောင်ဌားလို့မရတော့ဘူး ဖြစ်နေတယ်”ဟု လောက်ကိုင်မြို့၌ သွားရောက်အလုပ်လုပ်နေသည့် ကိုမျိုးဇော်ကပြောသည်။

လောက်ကိုင်မြို့အား စွန့်ခွာရှောင်တိမ်းမှုများလာသဖြင့် ခရီးသည်တင်ကားများအား လူများစုပေါင်း၍ဌားရမ်းခြင်း၊အဌားကားငယ်များအား စုပေါင်းဌားရမ်းခြင်းများပြုလုပ်ခဲ့ကြရာ ကားများလုံလောက်မှုမရှိတော့ဘဲ ကားဌားမှုများအားလိုက်လံစုံစမ်းဌားရမ်းမှုများရှိနေကြောင်း သိရသည်။

“အခုဆိုရင် မြို့ပြင်ဘက်ကိုထွက်တဲ့လမ်းမှာကားတွေကိုတစ်သီတစ်တန်းကြီးပဲ ကျွန်တော်ကတော့ တိုက်ပွဲဖြစ်လာမှဖြစ်ပဲ အလုပ်လုပ်လို့ရနေသရွေ့ကတော့ ဆက်လုပ်နေအုံးမယ် ဒီမှာကအလုပ်ကောင်းသလို ပိုက်ဆံရှာရတာလည်းလွယ်တယ်လေ”ဟု ကိုမျိုးဇော်ကပြောသည်။

ကားဌားရမ်းမှုများနေသော်လည်း ဌားရမ်းခစျေးနှုန်းများမှာ ပုံမှန်အတိုင်းသာရှိနေပြီး စျေးနှုန်းမြင့်တက်ခြင်းမရှိသေးဘဲ ကားများမလုံလောက်၍ လောက်ကိုင်ဒေသခံများ၏ အိမ်စီးကားများကိုပါ လိုက်လံဌားရမ်းမှုများရှိနေကြောင်း သိရသည်။

“အဓိကကတော့ အရင်တုန်းကလိုတိုက်ပွဲတွေပြန်ဖြစ်လာတဲ့အခါ မြို့ထဲမှာပိတ်မိပြီး အခက်အခဲတွေကြုံရမှာစိုးတဲ့အတွက် ကြိုပြီးပြန်တဲ့အနေအ ထားပေါ့ လောက်ကိုင်မြို့ခံတွေအတွက်ကတော့ ကိစ္စမရှိပေမယ့် တခြားကလာတဲ့လူတွေအတွက်ကတော့တိုက်ပွဲဖြစ်လာရင် အခက်အခဲတွေဖြစ်လာမှာလေ”ဟု ကိုမျိုးဇော်ကပြောသည်။

လောက်ကိုင်မြို့သည် တရုတ်နိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံမှုများသည့်မြို့ဖြစ်၍ လာရောက်အလုပ်လုပ်ကိုင်သူများအား လုပ်ခလစာပေးချေရာ၌ တရုတ်ယွမ်ငွေဖြင့်သာပေးချေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here