အင်ဒိုနီးရှားနိုင်ငံရှိ ရဲစခန်းကို လူတစ်ဦး အသေခံဗုံးခွဲခဲ့ရာ ၄င်းပါ ၂ ဦး သေ, ၈ ဦး ဒဏ်ရာရ

0
229

ဂျာကာတာ၊ ဒီဇင်ဘာ ၇

အသေခံဗုံးခွဲသမားဟု ယူဆရသော လူတစ်ဦးက ဒီဇင်ဘာလ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗာပြည်နယ်ရှိ ရဲစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄င်းအပါဝင် ရဲအရာရှိတစ်ဦး သေဆုံးခဲ့ပြီး လူရှစ်ဦး ဒဏ်ရာရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒဏ်ရာရသူ ရှစ်ဦးအနက် ခုနှစ်ဦးမှာ ရဲတပ်ဖွဲ့ဝင်များ ဖြစ်ကြပြီး လေးဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်ဟု အမျိုးသားရဲတပ်ဖွဲ ပြောရေးဆိုခွင့်ရ အာမက် ရာမဒန်က သတင်းထောက်များအား ပြောခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ အနောက်ဂျာဗားပြည်နယ် ဘန်ဒေါင်းမြို့ ရှိ Astana Anyar ရဲစခန်းတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၀ မိနစ်၌ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူးချုပ် အာမက်က အတည်ပြုခဲ့သည်။

“လူတစ်ယောက်ဟာ ချွန်ထက်တဲ့ လက်နက်ကို ကိုင်ဆောင်လာပြီး ရဲစခန်းထဲ ကျူးကျော် ဝင်ရောက်လာပါတယ်၊ သူဝင်ရောက်လာတဲ့အချိန်မှာ ရဲအရာရှိတွေဟာ မနက်ပိုင်း ပျက်ကွက်သူရှိမရှိ အမည်စာရင်းခေါ်ပြီး လူစစ်ဆေးနေကြတာပါ၊ အဲဒီနောက်ပိုင်း အသေခံဗုံးခွဲသမားဟာ သူနဲ့အတူ ပါလာတဲ့ ဗုံးကိုဖောက်ခွဲပြီး သူ့ကိုယ်သူ သတ်သေခဲ့ပါတယ်” ဟု ဘန်ဒေါင်းမြို့ ရဲအရာရှိတစ်ဦးက ဆိုသည်။

အခင်းဖြစ်ပွားရာ နေရာတွင် ဗုံးခွဲသမား မောင်းနှင်လာသည်ဟု ယူဆရသော ဆိုင်တစ်စီးကို တွေ့ရှိခဲ့ပြီး ထိုဆိုင်ကယ်တွင် အင်ဒိုနီးရှား၏ ဥပဒေအသစ်ကို ဆန့်ကျင်သည့် စာတိုတစ်စောင်ကို ချိတ်ဆွဲထားကြောင်း အနောက်ဂျာဗာ ရဲတပ်ဖွဲ့အကြီးအကဲက မက်ထရိုတီဗွိသို့ ပြောခဲ့သည်။

အင်ဒိုနီးရှား ပါလီမန်သည် အိမ်ထောင်ဘက်မဟုတ်သူ၊ လက်မထပ်ရသေးသူနှင့် လိင်ဆက်ဆံခြင်းကို တားမြစ်သည့် ရာဇဝတ် ဥပဒေတစ်ရပ်ကို အင်္ဂါနေ့ (မနေ့)က ပြဌာန်းလိုက်ပြီး လူအခွင့်အရေး တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

Source:Straitstimes


LEAVE A REPLY

Please enter your comment!
Please enter your name here