အကဲဆတ်သည့် သတင်းများကို ချင့်ချိန်ပြီးမှသာ ယုံကြည်သင့်ကြောင်း ကျွမ်းကျင်သူများ သုံးသပ်

0
362

လူမှုကွန်ရက်စာမျက်နှာများတွင် အချိန်အခါအလိုက် ဖြန့်ဝေတတ်သည့် အကဲဆတ်သည့် သတင်းများကို ချင့်ချိန်ပြီးမှသာ ယုံကြည်သင့်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ပြောဆိုသည်။

ဒီဇင်ဘာ (၆) ရက်နှင့် ယနေ့ ဒီဇင်ဘာ (၇) ရက်တွင် လူမှုကွန်ရက်စာမျက်နှာများ ပေါ်တွင် ပြည်သူအများစု စိတ်ဝင်စား မှု မြင့်တက်နေသည့် ဒဂုံတက္ကသိုလ်ကျောင်းသား (၇)ဦး သေဒဏ် စီရင်ခံရသည်ဆိုသည့် သတင်းနှင့် ပတ်သက်၍ ကျွ မ်းကျင်သူများက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၃၀) ရက်က စစ်ခုံရုံးကချမှတ်သည့် သေဒဏ် စီရင်ခံရသူ (၁၀) ဦးထဲတွင် ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ဦးပါဝင်နေပြီး ၎င်းတို့ကို ယနေ့ ဒီဇင်ဘာ (၇) ရက်တွင် သေဒဏ်စီရင်မည်ဆိုသည့် သတင်းမှာ ဒီဇင်ဘာ (၆) ရက်တွင် စတင်ပျံ့နှံ့ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်း စတင်ဖြန့်ဝေသူမှာ ပေါက်ကွဲလွယ်သည့်သတင်းကို အချိန်အခါကိုက် ဖြန့်ဝေခြင်းဖြစ်ပြီး ချင့်ချိန်ပြီးမှသာ ယုံကြည်သင့်ကြောင်း နိုင်ငံရေး လေ့လာသူတစ်ဦးက ဆိုသည်။

” တကယ်တော့ ဒီလိုမျိုးသတင်းက အရမ်းပေါက်ကွဲလွယ်တဲ့ သတင်းမျိုးပေါ့။ ထိလွယ်ရှလွယ် သတင်းမျိုးပေါ့။ စိတ်ပိုင်းဆိုင်ရာအရကော ၊ ရုပ်ပိုင်းဆိုင်ရာအတွက်ပါ ထိခိုက်လွယ်တယ်ပေါ့။ အခု လူတွေက ဒီသတင်းမျိုးအပေါ်မှာ လိုက်ပါ ခံစားနေကြတာကို ကျွန်တော်တို့လည်း တွေ့ရပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်မဖြစ်နိုင် သေသေချာချာလေး စိစစ်လေ့လာပြီးတော့မှပဲ ကျွန်တော်တို့ကတော့ ယုံကြည်စေချင်တာပေါ့နော် ။ သေဒဏ်စီရင်တယ်ဆိုတဲ့ ကိစ္စက ဒီလောက် မြန်မြန်ဆန်ဆန် မဖြစ်နိုင်ဘူးပေါ့လေ။ ကြားထဲမှာ အဆင့်ဆင့်တွေ ရှိနေသေးတယ်ဆိုတာလည်း မှန်တယ်ပေါ့နော်။ အဲဒီတော့ ဒါဟာ သတင်းအမှားပဲ ဖြစ်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

နစက သတင်း ထုတ်ပြန်ရေးအဖွဲ့အနေဖြင့် လက်ရှိအချိန်ထိ အဆိုပါ သတင်းနှင့်ပတ်သက် တစ်စုံတရာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသည့်အပြင် အကျဉ်းဦးစီးဌာနဘက်သို့ ဆက်သွယ်စုံစမ်းကြည့်ရာတွင်လည်း သိရှိခြင်း မရှိကြောင်းသာ ပြန်လည်ပြောကြားခဲ့သည်။

ယခု သေဒဏ်အမိန့်ချမှတ်ခြင်း ခံထားရသည့် ဒဂုံတက္ကသိုလ် ကျောင်းသား (၇) ဦးသည် ပြီးခဲ့သည့် ဧပြီလအတွင်းက တောင်ဒဂုံမြို့နယ်အတွင်းရှိ ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ အငြိမ်းစား ဒုဗိုလ်မှူးကြီးတစ်ဦး အသတ်ခံရမှုတွင် ပါဝင်ပတ်သက်နေသည်သဖြင့် အကြမ်းဖက် ဥပဒေများဖြင့် တရားစွဲဆိုကာ ပြီးခဲ့သည့် နိဝင်ဘာ (၃၀) ရက်တွင် စစ်ခုံရုံးက သေဒဏ်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နစက၏ စစ်ခုံရုံးများမှ သေဒဏ်အမိန့် ချမှတ်စီရင် ခံထားရသူ ၁၃၀ ဝန်းကျင်အထိရှိနေ‌ကြောင်း စောင့်ကြည့်လေ့လာနေသည့် စစ်တမ်းများအရ သိရပြီး ၎င်းတို့သည် သတ်ဖြတ်လုပ်ကြံမှုများ ၊ ဖောက်ခွဲဖျက်ဆီးမှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသည့်အတွက် ထိုက်သင့်သည့် ပြစ်ဒဏ် စီရင်မှုမျိုး ဆုံးဖြတ်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း နစကဘက်မှ ပြောဆိုမှုများရှိသည်။

ဥပ‌ဒေပါ ပြဌာန်းချက်များအရ သေဒဏ်စီရင်မှုသည် ယခုကဲ့သို့ လျင်မြန်စွာ ဆောင်ရွက်၍ မရဘဲ အနည်းဆုံး (၆) လ ဝန်းကျင်အထိ အချိန်ယူ လုပ်ဆောင်ကြကြောင်း ဥပဒေကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

” ဒီလို ရက်ပိုင်းနဲ့ လုပ်လို့ရတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘယ်လိုပဲ စစ်ခုံရုံးက အမိန့်ချတယ်ပြောပြောကြားထဲမှာ သေဒဏ်နဲ့ ပတ်သက်ပြီး အယူခံတင်တာ ၊ အသနားခံတာတို့က လုပ်လို့ရသေးတယ်။ ပလပ်တာ ၊ ပယ်ချတာတို့က တစ်ပိုင်းပေါ့။ နောက်ဆုံး အတည်ပြုပြီး သေဒဏ်ကျိန်း သေစီရင်တော့မယ် ဆိုရင်တောင် ခုလောက်မြန်မြန်ကြီးတော့ ဖြစ်ဖို့မရှိနိုင်ပါဘူး ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်းက ဝါရင့်အတိုက်အခံနိုင်ငံရေးသမား တစ်ဦးဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် အကျဉ်း သား (၄)ဦးကို သေဒဏ်စီရင်ခဲ့သည့် ဖြစ်စဉ် ရှိခဲ့သည့်အတွက် ယခု ဒဂုံတက္ကသိုလ် ကျောင်းသား (၇) ဦး၏ သတင်းနှင့်ပတ်သက်၍ မိသားစုများအပါအဝင် ပြည်သူလူထုက စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေခြင်းလည်း ဖြစ်သည်။

ယင်းသို့ သတင်းထွက်ပေါ်နေသော်လည်း ယနေ့ နေ့လည်ပိုင်းအထိ အင်းစိန်အကျဉ်းထောင်တွင် သေဒဏ်စီရင်သည့် ဖြစ်စဉ်မရှိသေးကြောင်း အကျဉ်းစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားကြောင်း ပြည်ပမီဒီယာတစ်ခုတွင် ဖော်ပြထားသည်။

” သိပ်မှန်တာပေါ့။ ဒါမျိုးက အရမ်းကို ချင့်ချင့်ချိန်ချိန်နဲ့ ယုံကြည်ရလောက်တဲ့သတင်းလား ၊ ဒီအတိုင်း ဘယ်ကလာမှန်း ဘယ်သူပြောမှန်း မသိတဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေလားဆိုတာကို စဉ်းစားသင့်တာပေါ့။ အခု သတင်းက အရမ်းပြန့်နေတာလေ။ မိသားစုဝင်တွေအတွက် မကောင်းဘူးပေါ့ ” ဟု အဆိုပါ ဥပဒေကျွမ်းကျင်သူက ပြောသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် နောက်ပိုင်း မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ အကြမ်း ဖက် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံရကာ သေဒဏ်ချမှတ်ခံထားရသူ ၁၃၀ ဝန်းကျင်အထိ ရှိထားပြီး (၄) ဦးကို ပြီးခဲ့သည့် ဇူလိုင်အတွင်းက အင်းစိန်အကျဉ်းထောင်အတွင်း၌ ကြိုးပေးစီရင်ခဲ့ကြောင်း နစကက နိုင်ငံပိုင်သတင်းစာမှတဆင့်ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here