လှိုင်သာယာတွင် အုပ်စုဖွဲ့ပြီး ကုန်တင်ကားများပေါ်ခိုးယူမှုများကျူးလွန်ခဲ့သူ ၆ ဦးအား ဖမ်းဆီးရမိ

0
480

လှိုင်သာယာမြို့နယ်တွင် အုပ်စုဖွဲ့၍ ကုန်တင်ကားများပေါ်တက်ကာ ကားပေါ်ရှိကုန် ပစ္စည်းများအား ခိုးယူခဲ့သူ ၆ ဦးအား လုံခြုံရေးအဖွဲ့ဝင်များက ဒီဇင်ဘာ ၈ ရက်(ယနေ့)နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းက ရန်ကုန်-ညောင်တုန်းသွား ကားလမ်းအတိုင်းမောင်းနှင်လာသည့် ကုန်တင်ကားပေါ်သို့တက်၍ ကုန်ပစ္စည်းများအားခိုးယူနေသူ များကို လုံခြုံရေးလှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ဝင်များက တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဟုတ်တယ်ဗျ ၆ ယောက်အဖွဲ့ပေါ့ အမျိုးသမီးတစ်ယောက်လည်းပါတယ် လှည့်ကင်းလှည့်နေတုန်း ကားပေါ်တက်ပြီးခိုးနေတာကိုတွေ့တာနဲ့ ချက်ခြင်းဖမ်းဆီးခဲ့တာပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အုပ်စုဖွဲ့၍လုယက်သူများတွင် ဓားများလည်းပါလာသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပြီး ၎င်းတို့ခိုးယူနေသည်ကို ကားမောင်းသူမှသိရှိပါက ခြိမ်း ခြောက်မှုများပြုလုပ်ကြသည်ကိုလည်း ဖော် ထုတ်သိရှိခဲ့ရသည်။

ဖမ်းဆီးရမိသူ အမျိုးသား ၅ ဦးနှင့်အမျိုးသမီး ၁ ဦး(စုစုပေါင်း ၆ ဦး)နှင့်အတူ ဆိုင်ကယ်များ၊ဘေး တွဲဆိုင်ကယ်တစ်စီး ခိုးယူထားသည့် ငါးခြောက်ထုတ်များကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လှိုင်သာယာမြို့မရဲစခန်းတွင် အမှုဖွင့်၍စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here