လှည်းကူးတွင်တွေ့ရသည့် ဘင်ဂါလီအလောင်း(၁၃)လောင်းနှင့်ပတ်သက်၍ ဥပဒေအတိုင်းသာဆောင်ရွက်ခဲ့ပြီး နှိပ်စက်ထားသည့် ဒဏ်ရာများ မတွေ့ရဟုဆို

0
320

လှည်းကူးမြို့နယ်၊ ဘားလားကျေးရွာအနီး တွေ့ရှိခဲ့သည့် ဘင်္ဂါလီလူမျိုး အလောင်းများနှင့် ပတ်သက်၍ ဥပဒေအတိုင်းဆောင်ရွက်ခဲ့ပြီး ညှင်းပန်းနှိပ်စက်ခံထားရသည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း နစက သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၅) ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ၊ ဘားလားကျေးရွာ ၊ တပင်ရွှေထီးလမ်းဘေးတွင် ဘင်ဂါလီလူမျိုးဟု ယူဆရသည့် သေဆုံးနေသည့် အမျိုးသားအလောင်း (၁၃) လောင်းတွေ့ရှိခဲခြင်းဖြစ်သည်။

အဆိုပါ တွေ့ရှိခဲ့သည့် ရုပ်အလောင်းများတွင် လက်ထိပ်ခတ်ခံထားရသည့် ဒဏ်ရာများအပါအဝင်၊ ညှင်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများတွေ့ရှိသည်ဟု သတင်းများ ပျံ့နှံ့ခဲ့သည့်အပေါ် ပေါ်ပြူလာနယူး(စ်) က ဆက်သွယ်မေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလောင်းများကို စတင်တွေ့ရှိရသည့်အချိန်တွင် ပြင်ပဒဏ်ရာ တစ်စုံတရာမတွေ့ရှိရသည့်အပြင် စစ်ဆေးခဲ့သည့် ဆရာဝန်များ၏ ဆေးစာတွင်လည်း ပြင်ပဒဏ်ရာတွေ့ရှိရကြောင်း မပါဝင်သည့်အတွက် လက်ထိပ်ခတ်ထားသည့်ဒဏ်ရာနှင့် ညှင်းပန်းနှိပ်စက်ခံထားရသည့် ဒ ဏ်ရာများ တွေ့ရသည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိ သူက ပြောသည်။

” သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ရန်ကုန်ဆေးရုံကြီးမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရင်ခွဲစစ်ဆေးချက်အရ ရေဓာတ်ခမ်းခြောက်မှု ၊ အစာအဟာရပြတ်တောက်မှုတွေကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သေဆုံးသူတွေဟာ အလုံပိတ်ကားနဲ့သယ်မယ်။ အဲဒီမှာ အောက်ဆီဂျင်ပြတ်ပြီးသေမယ်။ ပြီးတော့ တစ်နေရာမှာ လာရောက်စွန့်ပစ်တာဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့ သံသယရှိပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ဖြစ်စဉ်အမှန်ကို စုံစမ်းစစ်ဆေးနေပါတယ်။ သတင်းတွေမှာပျံ့နေတဲ့ သေဆုံးသူတွေဟာ လက်ထိပ်ခတ်ထားတဲ့ ဒဏ်ရာအပြင် ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေ တွေ့တယ်ဆိုတာ မဟုတ်ကြောင်း ပြောလိုပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဘင်ဂါလီဟု ယူဆရသည့် အမျိုးသားရုပ်အလောင်း (၁၃) လောင်းကို သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူကာ ရန်ကုန်ဆေးရုံကြီးမှ ထုတ်ယူပြီး ဒီဇင်ဘာလ (၆) ရက်တွင် မီးသင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ မီးသင်္ဂြိုလ်ခြင်းနှင့် ပတ်သက်၍လည်း ဘာသာရေး ထုံးထမ်းများအရ မြေမြုပ်သင်္ဂြိုလ်ခြင်းသာ လုပ်သင့်ပြီး မီးသင်္ဂြိုလ်ပစ်ခြင်းမှာ တစ်စုံတစ်ခုကို ဖုံးကွယ်ချင် ၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိခဲ့သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပေါ်ပြူလာနယူး(စ်) ၏ မေးမြန်းချက်ကို သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူက ယခုလို ပြန်လည် ဖြေကြားခဲ့သည်။

” သေဆုံးသူတွေအတွက် တာဝန်ခံ သင်္ဂြိုလ်ပေးမယ့်သူ မရှိပါဘူး။ ရုပ်အလောင်းတွေကလည်း ပျက်စီးပုတ်ပွစပြုနေပါပြီ။ ဒါကြောင့် သက်ဆိုင်ရာ နယ်မြေမှာရှိတဲ့ စည်ပင်သာယာရေး ကော်မတီကပဲ တာဝန်ယူပြီး ရုပ်အလောင်းတွေကို မီးသင်္ဂြိုလ်ပေးရတာဖြစ်ကြောင်း ပြောလိုပါတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ လုပ်ဆောင်ခဲ့ခြင်းမှာ တည်ဆဲ ပြဌန်းဥပဒေများဖြစ်သည့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ၊ ရဲလက်စွဲ ၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ဥပဒေတို့နှင့်အညီ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဥပဒေမဲ့ ဆောင်ရွက်ချက် တစ်စုံတရာမရှိဘဲ ဥပဒေနှင့်အညီ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း သိရသည်။

ယခု ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်း ၊ လှည်းကူးမြို့ နယ်၊ ဘားလားကျေးရွာအနီးတွင် တရားမဝင် ဝင်ရောက် လာသည့် ဘင်ဂါလီလူမျိုးများ မကြာခဏ ဖမ်းဆီးရမိလေ့ရှိပြီး ယမန်နေ့ ဒီဇင်ဘာ (၈) ရက် ညပိုင်းကလည်း တရားမဝင် ဝင်ရောက်လာသည့် ဘင်ဂါလီအမျိုးသား(၆) ဦးနှင့် အမျိုးသမီး (၆) ဦးကို သက်ဆိုင်ရာက ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here