ဂျပန်ဘီလျံနာ မေဇာဝါ၏ လကမ္ဘာ  ခရီးတွင် ကေပေါ့ အဆိုတော် တော့ပ်နှင့် ဒီဂျေသမား အေအိုအီတို့ ပါဝင်သွားမည် 

0
126

တိုကျို၊ ဒီဇင်ဘာ ၉

ဂျပန်ဘီလျံနာ ယူဆာကူ မေဇာဝါက လာမည့်နှစ် အီလွန်မတ်စ်၏ စပေ့အိတ်စ် ဒုံးပျံဖြင့် လကမ္ဘာသို့ အလည်အပတ်သွားရာ၌ ပါဝင်မည့် အဖွဲ့သား ရှစ်ဦးတွင် နာမည်ကျော် ကေပေါ့အဆိုတော် တော့ပ်နှင့် ဒီဂျေသမား စတိဗ် အေအိုကီ တို့ပါဝင်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၉ ရက် သောကြာနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မေဇာဝါသည် မနှစ်ကလည်း နိုင်ငံတကာ အာကာသစခန်း (ISS) သို့ ဆိုယုဇ် အာကာသယာဉ်ဖြင့် ၁၂ ရက်ကြာ သွားရောက်လည်ပတ်ခဲ့သူ ဖြစ်ပြီး ယခုအခါတွင်လည်း လကမ္ဘာသို့ သွားရောက်မည့် အီလွန်မတ်စ်၏ ဒုံးပျံရှိ ထိုင်ခုံတိုင်းကို ဝယ်ယူခဲ့သည်။

အဆိုပါ အဖွဲ့သား ရွေးချယ်မှုကို တွစ်တာပေါ်နှင့် ချစ်လှစွာသော လကမ္ဘာ ခရီးစဉ်ဟု အမည်ပေးထားသည့် ဝဘ်ဆိုက်ပေါ်တွင် မေဇာဝါက ကြေညာခဲ့သည်။

အဆိုပါ ခရီးစဉ်၏ မစ်ရှင်သည် လကို သုံးရက်ကြာ လှည့်ပတ်ခြင်းနှင့် လမျက်နှာပြင်မှ ကီလိုမီတာ ၂၀၀ အကွာအထိ ဆင်းသက်ခြင်း အပါအဝင် ဒုံးပျံလွှတ်တင်ခြင်းမှ ကမ္ဘာသို့ ပြန်လည်ဆင်းသက်သည်အထိ ရှစ်ရက်ကြာမြင့်ရန် စီစဉ်ထားသည်။

မေဇာဝါသည် လကမ္ဘာခရီးစဉ်တွင် သူနှင့်အတူ ပါဝင်ရန် ကမ္ဘာ့တစ်ဝန်းမှ အဖွဲ့ဝင် ရှစ်ဦးကို မိုက်ခရို-ဘလော့ဂ်ဆိုက်ကို အသုံးပြု၍ ခေါ်ယူစုဆောင်းခဲ့ရာ လူပေါင်း ၁ သန်းခန့် လျှောက်ထားခဲ့ကြောင်း သိရသည်။

“လကိုသွားမယ့် ပထမဆုံး ကိုရီးယားအရပ်သားဖြစ်လာရတဲ့ အတွက် ဂုဏ်ယူရသလို တာဝန်ရှိတယ်လို့လည်း ခံစားမိပါတယ်” ဟု ဘစ်ဘန်း အဖွဲ့ဝင်ဟောင်း တော့ပ်က ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။

မေဇာဝါ၏ အဖွဲ့ဝင်အများစုမှာ အနုပညာရှင်များနှင့် ဓာတ်ပုံဆရာများဖြစ်ကြောင်း သိရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here