ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည် ဆောက်နိုင်ရန်ရည်ရွယ်၍ အလွတ်သဘောတွေ့ ဆုံရန် နစက ၏ NSPNC အား NCA-S EAO ၇ ဖွဲ့ကကမ်းလှမ်း

0
299

နစက ၏အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)ထံသို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က အဆိုပြုကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC)၊ လားဟူဒီမိုကရက်တစ်အစည်း အရုံး(LDU)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့မှ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

NCA- S EAO ၇ ဖွဲ့ အလွတ်သဘောဆွေးနွေးညှိ နှိုင်းရေးအဖွဲ့မှ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်း ချမ်းရေးတည်ဆောက်နိုင်ရန်ရည်ရွယ်၍ နှစ်ဖက်လက်ခံနိုင်သည့် ဘုံသဘောထားများနှင့်သဘော တူညီချက်များရရှိရေးကြိုးပမ်းသွားရန် အလွတ် သဘောတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရေးအ တွက် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၁၂ ရက်တွင် ချင်းမိုင်မြို့၌ တစ်ဖက်လျှင်ကိုယ်စားလှယ်အနည်းငယ်စီဖြင့် ကနဦး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုအားစတင်သွားမည်ဖြစ်ကာ ဒီဇင်ဘာ ၁၅ ရက် ၁၇ ရက်တို့တွင်လည်း တောင်ကြီးမြို့(သို့)မော်လမြိုင်မြို့တွင် နှစ်ဖက်ကိုယ်စားလှယ်များ စုံညီစွာဖြင့် အလွတ်သ ဘောတွေ့ဆုံခြင်းနှင့်နှစ်ဖက်သဘောထားများကို ညှိနှိုင်းဆွေးနွေးသွားကြမည်ဖြစ်သည်။

ထို့ပြင် ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်တို့၌ ရန်ကုန်မြို့တွင် တရားဝင်ဆက်လက်ညှိနှိုင်းဆွေးနွေး၍ ရရှိလာသော နှစ်ဖက်လက်ခံသည့် ဘုံသဘော ထားများနှင့်သဘောတူညီချက်များအား နှစ်ဖက်သင့်တော်သည့် နေရာနှင့်အချိန်တွင် တရားဝင် လက်မှတ်ရေးထိုးခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

NCA-S EAO ၇ ဖွဲ့၏ အလွတ်သဘောတွေ့ဆုံဆွေး နွေးရန် အဆိုပြုကမ်းလှမ်းမှုအား နစက ၏ NSPNC အတွင်းရေးမှူးမှလည်း လက်ခံကြောင်း သဘောထားပြန်ကြားခဲ့သည်ဟု သိရသည်။

“ကမ်းလှမ်းစာကို ဒီဇင်ဘာ ၇ ရက်နေ့မှာပေးပို့ခဲ့တာပါ အခုအလွတ်သဘောတွေ့ဆုံဖို့ကမ်းလှမ်းတဲ့ ၇ ဖွဲ့ကလည်း NSPNC နဲ့ နှစ်ကြိမ်တိတိ တစ်ဖွဲ့ချင်းစီတွေ့ဆုံဆွေးနွေးပြီးသားအဖွဲ့အစည်းတွေပါ လက်ရှိနိုင်ငံရေးမှာ အခက်အခဲအကြပ်အတည်းတွေကို အဆင်ပြေဖို့ ကြိုးပမ်းဆောင်ရွက်တာပါ”ဟု NCA-EAO ၇ ဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွှန့်ကပြောသည်။

“ကျွန်တော်တို့ မျှော်မှန်းနေတဲ့ပြည်ထောင်စုကြီးရရှိနိုင်ဖို့အတွက်က သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲအခင်းအကျင်းကနေ အဖြေရှာပြီးမှညှိနှိုင်းဆောင်ရွက်ခြင်းကသာလျင် ပြည် ထောင်စုအတွက် နိုင်ငံသူနိုင်ငံသားတွေ အတွက် ပေးဆပ်မှုအနည်းဆုံးနဲ့ထိခိုက်နစ်နာမှုအ နည်းဆုံးလမ်းကြောင်းကို ကျွန်တော်တို့အောင်အောင်မြင်မြင်ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု NCA-EAO ၇ ဖွဲ့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွှန့်က ဆက်ပြော သည်။

ထို့ကြောင့် သက်ဆိုင်သူအားလုံးပါဝင်သည့် တွေ့ ဆုံဆွေးနွေးမှုမှတက်လှမ်းနိုင်ရန် မိမိတို့တွင်ရှိသည့် အရင်းအနှီးနှင့်စွမ်းဆောင်ရည်များဖြင့် တတ်နိုင်သလောက်ဆက်လက်၍ တစ်ဆင့်ပြီးတစ်ဆင့်ကြိုးပမ်းဆောင်ရွက်သွားရန် လုပ်ဆောင်လျက်ရှိသည်ဟု ဗိုလ်မှူးကြီးစောကျော်ညွှန့်ကပြောသည်။

ပုံစာ-နစကဥက္ကဋ္ဌနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံသည့်မှတ်တမ်းဓာတ်ပုံများ


LEAVE A REPLY

Please enter your comment!
Please enter your name here