အဂတိလိုက်စားမှုတိုက်ဖျက်ရေး၏ အနှစ်သာရသည် အများပြည်သူ၏ အကျိုးစီးပွား ကို ကာကွယ်ပေးရန်နှင့်အဂတိကင်းစင်သည့် လူ့အဖွဲ့အ စည်းဖြစ်စေရန်ဖြစ်ဟု နစက ဥက္ကဋ္ဌပြော

0
233

အဂတိလိုက်စားလျော့နည်းကျဆင်းရေးနှင့်ပတ် သက်၍ နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်၌ ဒီဇင်ဘာ ၉ ရက်နံနက်ပိုင်းကပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အ ခမ်းအနားသို့တက်ရောက်၍ အမှာစကားပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေးရဲ့ အနှစ်သာရက အများပြည်သူ အကျိုးစီးပွားကို ကာကွယ်ပေးဖို့နဲ့ အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်းဖြစ်စေဖို့ပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အဂတိလိုက်စားမှုလျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေးအရေးယူမှု တစ်ခုတည်းဖြင့် လုံလောက်မှုမရှိဘဲ အဂတိလိုက် စားမှုအား လုံးဝလက်မခံသည့် ယဉ်ကျေးမှုတစ် ရပ်ပေါ်ထွန်းလာစေရေးနှင့်အကျင့်ပျက်ခြစားမှုများမရှိစေရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် အသိပညာပေးရေးနှင့်တားဆီးကာကွယ် ရေးလုပ်ငန်းစဉ်များကိုပါ အချိန်နှင့်တစ်ပြေးညီ အလေးထားလုပ်ဆောင်ရမည်ဟု ဆိုသည်။

ကောင်းမွန်သည့်အုပ်ချုပ်ရေးကိုပုံဖော်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ သည် အရေးပါသကဲ့သို့ ပြည်သူ့ဝန်ထမ်း၊နိုင်ငံ့ဝန်ထမ်းများ၏ စည်းကမ်းလိုက်နာမှု၊ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ်စောင့်ထိန်းမှုများမှ လမ်းချော်လွဲမှားသွားစေသည့် အဓိကအချက်မှာ အဂတိလိုက်စားမှုပင်ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများဖြောင့်မတ်တည် ကြည်မှုရှိစေရေးနှင့်အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့တွင် ပူးပေါင်းပါဝင်လာစေရေးအတွက် ထုတ်ပြန်ထားသည့် ကျင့်ဝတ်များကိုလိုက်နာကြရန်လိုအပ်သည်ဟု ဆိုသည်။

“အဂတိ လိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲနွမ်းပါးမှုများ လေလေ အဂတိ လိုက်စားမှုများလေ” ဖြစ်တဲ့အတွက် အဂတိလိုက် စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကို ရေးဆွဲချမှတ်ပြီး အကောင်အ ထည်ဖော်ဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးမဟာဗျူဟာစီမံချက်နှင့်အညီ အများပြည်သူဆိုင်ရာ အဖွဲ့အစည်းများ၏ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးအား ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်ထောင်စုဝန်ကြီး ဌာနများ၊အဖွဲ့အစည်းများ၊တိုင်း/ပြည်နယ်အစိုးရ အဖွဲ့များတွင် အဂတိလိုက်စားမှုတားဆီးကာ ကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)များ တိုးချဲ့ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ဆို သည်။

ထို့ပြင် အသေးစားအဂတိလိုက်စားမှုများကို ထိရောက်စွာဟန့်တားနိုင်ရန် “အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်(Public Feedback Programme – PFP)”ကိုလည်း အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

“အဓိကအားဖြင့် မိမိကိုယ်တိုင်က အဂတိလိုက် စားမှုကို သတိထားရှောင်ရှားပြီး ပတ်ဝန်းကျင်ရဲ့ ပြောဆိုဝေဖန်မှုတွေကို ဂရုစိုက်သတိထားလုပ် ဆောင်သွားရင် အဂတိလိုက်စားမှုလျော့နည်းရာကနေ လုံးဝကင်းစင်ပပျောက်တဲ့ လူ့ပတ်ဝန်းကျင်ကိုဖော်ဆောင်ကြရမှာဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

နစက အနေဖြင့် “အဂတိပယ်ခွာပြည်သာယာ”ဆို သည့် ဆောင်ပုဒ်အတိုင်း အဂတိလိုက်စားမှုကျူး လွန်ခြင်းများ လျော့နည်းပပျောက်စေရန် မူဝါဒနှင့်ဥပဒေမူဘောင်ခိုင်မာရေး၊လုပ်ထုံးလုပ်နည်းများ ရှင်းလင်းခိုင်မာရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

အဂတိလိုက်စားမှုများသည် အသွင်အမျိုးမျိုးဆောင်ပြီး ဖြစ်ပေါ်နေခြင်းဖြစ်၍ ဥပဒေကြောင်းအရသာမက ကောင်းမွန်သော ကိုယ်ကျင့်တရား ထွန်းကားရေးနည်းလမ်းများအရပါ ဆောင်ရွက်ရမည်ဟု ဆိုသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here