ရော်နယ်ဒိုက သူ၏ ကမ္ဘာ့ဖလား အိပ်မက် အဆုံးသတ်သွားပြီဟု ပြောလာ

0
217

မော်ရိုကိုကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနှိမ့်ပြီး နောက်တစ်နေ့တွင် ခရစ္စတီယာနို ရော်နယ်ဒိုက ပေါ်တူဂီအသင်းအတွက် ကမ္ဘာ့ဖလားရယူပေးလိုသည့် သူ၏ အိပ်မက်မှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း အင်စတာဂရမ်တွင် ပြောကြားခဲ့သည်။

ရော်နယ်ဒိုက ပြိုင်ပွဲအတွင်း နိုင်ငံအတွက် အစွမ်းကုန် ကြိုးစား တိုက်ပွဲဝင်ခဲ့ကြောင်းနှင့် ပေါ်တူဂီအတွက် ကမ္ဘာ့ဖလားကို ဆွတ်ခူးပေးလိုသည့် ဆန္ဒမှာ သူ၏ ကစားသမား သက်တမ်းတစ်လျှောက် အကြီးမားဆုံးနှင့် ရည်မှန်းချက်အမြင့်ဆုံး အိပ်မက်ဖြစ်သည်ဟူ၍ ရေးသားခဲ့သည်။

“၁၆ နှစ်ကျော်တွင်း ကစားသမားကောင်းတွေနဲ့ အတူ ကမ္ဘာ့ဖလားမှာ ငါးကြိမ်တိုင်တိုင် ဆော့ကစားခဲ့ပြီး ပေါ်တူဂီပရိသတ် သန်းပေါင်းများစွာရဲ့ အားပေးကူညီမှုတွေနဲ့ကျွန်တော်အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဉာဏ်စွမ်းဉာဏ်စရှိသမျှ အကုန်ထုတ်သုံးပြီး ကစားခဲ့ပါတယ်။ ဘယ်လိုစိန်ခေါ်မှုမျိုးကနေမှ ထွက်ပြေးတိမ်းရှောင်မှာ မဟုတ်ပါဘူး၊ ပြီးတော့ ကျွန်တော်ရဲ့ အိပ်မက်ကိုလည်း ဘယ်တုန်းကမှ လက်မလျှော့ခဲ့ပါဘူး။ ဒါပေမဲ့ စိတ်မကောင်းစွာပဲ အဲဒီအိပ်မက်က မနေ့က အဆုံးသတ်သွားခဲ့ပါပြီ” ဟု ရော်နယ်ဒိုက ရေးသားခဲ့သည်။

ရော်နယ်ဒိုသည် သူ၏ အနာဂတ် ကစားသမားဘဝနှင့် ပတ်သက်၍ အထူးတလည် မှတ်ချက်ပေးခဲ့ခြင်း မရှိသော်လည်း အများကမူ ကမ္ဘာ့ဖလားအပြီး ကစားသမားဘဝမှ အနားယူလိမ့်မည်ဟူ၍ ထင်ကြေးပေးနေကြသည်။

ကမ္ဘာ့ဖလား အိပ်မက်နှင့် ဝေးကွားခဲ့ရသော်လည်း ရော်နယ်ဒိုသည် ကာတာရှိ ကမ္ဘာ့ဖလားအတွင်း ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံး ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ပေသည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here