တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးကဏ္ဍ ကိုဗစ်မတိုင်မီကာလ နည်းတူ ပြန်လည်ကောင်းမွန်လာနိုင်

0
365

တရုတ် – မြန်မာနယ်စပ် မူဆယ်မြို့နယ်အတွင်းရှိ ကုန်သွယ်ရေးဂိတ်များကို တရုတ်ဘက်အခြမ်းမှ ပြန်လည်ဖွင့်လှစ်ပေးလာနိုင်သည့် အလားအလာရှိပြီး နှစ်နိုင်ငံ ကုန်သွယ်မှု ပိုမိုကောင်းမွန်လာနိုင်ကြောင်း မူဆယ်နယ်စပ်ကုန်သည်များထံမှ သိရသည်။

လာမည့် ဇန်နဝါရီ (၁၀) ရက် တရုတ်နှစ်သစ်ကူး ကာလနောက်ပိုင်းတွင် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သည့် မူဆယ် – ကျယ်ခေါင် ကုန်သွယ်ဂိတ်များကို ပြန်လည်ဖွင့်လှစ်ပေးနိုင်သည့် အလားအလာ ရှိကြောင်း မျှော်မှန်းနေကြခြင်းလည်း ဖြစ်သည်။

” အခုလို တရုတ်နိုင်ငံထဲမှာ ရွှေလီ-ကျယ်ခေါင်ဂိတ်ကို ပြန်ဖွင့်လိုက်ပြီ၊ ရွှေလီတံတားကိုလည်း ပြန်ဖွင့်လိုက်ပြီဆိုရင်တော့ အားလုံးမျှော်လင့်နေတာကတော့ တရုတ်နှစ်သစ်ကူး ပြီးလောက်ပြီဆိုရင်တော့ တရုတ် – မြန်မာနယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ် – ကျယ်ခေါင်ဂိတ်ဖြစ်တဲ့ မန်ဝိန်းဂိတ်ကိုလည်း ပြန်ဖွင့်မယ်လို့ မျှော်လင့်ရတယ်။ တကယ်လို့ ဖွင့်ရင်လည်း အဲဒီဂိတ် တစ်ခုတည်း မဟုတ်ဘူး။ ကျန်တဲ့ဂိတ် (၄) ဂိတ်လုံးကို ပြန်ပြီးဖွင့်ပေးလိုက်မယ်ဆိုရင် တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေးက ယခင် ကိုဗစ်မဖြစ်ခင်ကအခြေအနေအထိ ပြန်ရောက်သွားမယ်လို့ သုံးသပ်ရတာပေါ့” ဟု မူဆယ်ဆန်ကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦး မင်းသိမ်းက ပြောသည်။

တရုတ် – မြန်မာနယ်စပ်ရှိ မူဆယ်မြို့နှင့် ကျယ်ခေါင်အ ကြား ကုန်သွယ်ရေးဂိတ် (၅) ခုရှိပြီး လက်ရှိတွင် ကျင်စန်းကျော့ ဂိတ်တစ်ခုသာ ဖွင့်လှစ်ထားကာ မန့်ဝိန်းဂိတ်၊ နန်း တော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် ပန်ဆန်းဂိတ်တို့ကို ကိုဗစ်ကာလအတွင်း တရုတ်နိုင်ငံဘက်မှ ပိတ်ထားခဲ့ခြင်း ဖြစ်သ ည်။

အလားတူ ကိုဗစ်ကာလအတွင်း အချိန်ကြာမြင့်စွာပိတ်ထားခဲ့သည့် တရုတ်နိုင်ငံဘက်ရှိ ရွှေလီ- ကျယ်ခေါင်ဂိတ်ကို တရုတ်အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀) ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ရွှေလီတံတား နှင့် အကောက်ခွန်ဌာနဂိတ်တို့ကိုပါ ပြန်လည် ဖွင့်လှစ်ပေးခဲ့ပြီး ကိုဗစ်ကာလ သတ်မှတ်စည်းမျဉ်းများကိုလည်း ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြန်လည်ဖြေလျှော့ပေးလိုက်ခြင်းအားဖြင့် တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်များကိုလည်း မကြာမီ ကာ လအတွင်း ပြန်လည်ဖွင့်လှစ်ပေးလာနိုင်ကြောင်း မျှော်လင့်ရပြီး ရာနှုန်းပြည့်တော့ ပြော၍မရသေးကြောင်း ဦးမင်းသိမ်းက ပြောသည်။

” အဲဒီလိုတော့ မျှော်လင့်ထားတယ်။ ဒါပေမဲ့ ဒါက ဖြစ်မလား မဖြစ်ဘူးလား ဆိုတာတော့ မပြောနိုင်သေးဘူး။ အခုလို ရွှေလီကျယ်ခေါင်ဂိတ်ကို ဖွင့်ပေးလိုက်တဲ့အတွက် အရင်ထက်စာရင်တော့ အလားအလာတော်တော်ကောင်းလာပါပြီ ခင်ဗျ။ ဖွင့်မယ်လို့တော့ ကျွန်တော်တို့ အားလုံးကတော့ မျှော်လင့်ထားတယ်။ ဒါပေသိ ဒါက တရုတ်နိုင်ငံက ဖွင့်မှရမှာဆိုတော့ ဖွင့်မယ်မဖွင့်ဘူးကတော့ သေချာပေါက် ၁၀၀ ရာခိုင်နှုန်း ပြောလို့မရသေးဘူး” ဟု ၎င်းက‌ဆိုသည်။

လက်ရှိတွင် တရုတ် – မြန်မာ နယ်စပ်ဂိတ်ဖြစ်သည့် ကျင်စန်းကျော့ဂိတ်မှ နေ့စဉ် ကုန်တင်ယာဉ်အစီးရေ (၁၅၀) ဝန်းကျင် အဝင်အထွက်ရှိနေပြီး မြန်မာဘက်အခြမ်းမှ ဖရဲ၊ သခွား၊ ဆန်၊ ဆန်ကွဲ၊ ရော်ဘာ၊ ပြောင်း၊ ပဲမျိုးစုံ ၊ နှမ်း၊ ဆီထွက်သီးနှံများနှင့် စားသောက်ကုန် တင်ဆောင်ထားသ ည့် ယာဉ်အစီးရေ (၁၀၀) ကျော် တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်နေပြီး တရုတ်နိုင်ငံဘက်အခြမ်းမှ လျှပ်စစ်ပစ္စ ည်း၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ စက်မှုပစ္စည်းများ၊ ဓာတ်မြေဩဇာများ ၊ လူသုံးကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်အစီးရေ(၅၀) ဝန်းကျင် ဝင်ရောက်နေကြောင်း သိရသည်။

တရုတ်နိုင်ငံ အစိုးရအနေဖြင့် ရွှေလီ – ကျယ်ခေါင် ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့်အပြင် ကချင်ပြည်နယ်အတွင်းရှိ တရုတ် – မြန်မာနှစ်နိုင်ငံ ကုန်သွယ်ဂိတ်ဖြစ်သည့်  လားရင်း – လွယ်ဂျယ်ဂိတ်တွင်လည်း  ကိုဗစ်သတ်မှတ်ချက်များကို ပြီးခဲ့သည့် ဒီဇင်ဘာ (၁၀) ရက် ညပိုင်းက ပြန်လည် ဖြေလျှော့ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြေလျှော့ပေးလိုက်မှုကြောင့် ကုန်တင်ယာဉ်များအား ပိုးသတ်ဆေးဖျန်းခြင်း၊ ပိုးသတ်ရန် (၁၂) နာရီထားရခြင်း၊ စစ်ဆေးရေးဂိတ်ဝင်ရန် အထောက်အထားများ ဝ င်ခွင့်ကတ်များ ပြရခြင်း၊ ခေါက်တိုအစားထိုးယာဉ်မောင်း (ရှန်တိန်)များ၊ တရုတ်ပြည်သို့ ပို့ကုန်စာရင်း ကြိုတင် ပေးရန် မလိုအပ်တော့ကြောင်း လုံချွမ်ခရိုင်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုဒီဇင်ဘာလ ၂ရက်နေ့က တရုတ်ကုန်သည်ကြီးများအသင်းနှင့် မြန်မာနိုင်ငံကုန်သည်ကြီးများအသင်းတို့ UMFCCI ခန်းမတွင် တွေ့ဆုံခဲ့ကြပြီး နှစ်ဖက် အခက်ခဲ များကိုဆွေးနွေးခဲ့ကြသေးသည်။ ထိုပွဲတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့ပါ တက်ရောက် ခဲ့ကြသည်။ထိုစဉ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ် စီးပွားရေးသံမူးက အခက်ခဲရှိနေသော မူဝါဒများအား ဆက်လက်တင်ပြပေးသွားမည်ဟုဆိုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here