တရုတ်နိုင်ငံရောက်အမေရိကန်ကိုယ်စားလှယ် အဖွဲ့က နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ခြင်းနှင့် ထိုင်ဝမ်အရေးများအားဆွေးနွေးခဲ့

0
189

ပေကျင်း၊ဒီဇင်ဘာ ၁၃

တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် အမေရိကန်အကြီးတန်းကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရန်နှင့် ထိုင်ဝမ်အရေးတို့အား ဆွေးနွေးခဲ့ကြောင်း ပေကျင်းကတနင်္လာနေ့ကပြောကြားခဲ့သည်။

အမေရိကကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်သည် ပြီးခဲ့သည့်လက ဘာလီ၌ သမ္မတရှီနှင့်သမ္မတဘိုင်ဒင်တို့တွေ့ဆုံခဲ့ပြီး ပျက်ပြားနေသော နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ပြုပြင်ရန်ကတိပြုခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မစ္စတာဝမ်ဝမ်ဘင်းကလည်း ဟက်ဘေးပြည်နယ်၌ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံတာဝန်ရှိသူများအစည်းအဝေး၌ နှစ်နိုင်ငံသမ္မတများ၏ သဘောတူညီချက်များအားအကောင်အထည်ဖော်ရန် လေးလေးနက်နက်ဆွေးနွေးခဲ့ကြသည်ဟုပြောကြားခဲ့သည်။

ယင်းနောက် တရုတ်နှင့်ဝါရှင်တန်ကြား ပဋိပက္ခဖြစ်စေခဲ့သည့် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍လည်းဆွေးနွေးခဲ့ကြကြောင်း ၎င်းကပြောကြားခဲ့သည်။ယူကရိန်းအရေးအပါအဝင် မြောက်ကိုရီးယားပြဿနာကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

ထို့အပြင် ပြိုင်ဆိုင်မှုများသည် ပဋိပက္ခသို့ဦးတည်သွားခြင်းမျိုးမဖြစ်ရန်လည်း ၎င်းတို့က အလေးပေးပြောကြားခဲ့ကြသည်။ယခုကိုယ်စားလှယ်အဖွဲ့၏ခရီးစဉ်သည် ၂၀၂၃ အစောပိုင်းတွင်လာရောက်မည့် ကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်ခရီးစဉ်၏ရှေ့ပြေးလည်းဖြစ်သည်ဟု ကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

ယခုနှစ်များအတွင်း အမေရိကန်နှင့်တရုတ်နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် လူ့အခွင့်အရေး၊ကုန်သွယ်ရေးနှင့်နည်းပညာကဲ့သို့သော နယ်ပယ်များ၌ အငြင်းပွားမှုများကြောင့် တင်းမာမှုများတောက်လျှောက်ဆိုသလိုဖြစ်ပေါ်ခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here