ကွန်ဂိုမြို့တော်တွင် ရေကြီးရေလျှံ‌မှုကြောင့် လူ ၁၂၀ ထက်မနည်းသေဆုံး

0
204

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၏ မြို့တော် ကင်ရှာဆာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူ ၁၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရိုက်တာသတင်းဌာန ဖော်ပြထားသည်။

ရေကြီးမှုကြောင့် တစ်မြို့လုံး ရွှံ့ရေများဖြင့် လွှမ်းမိုးနေခဲ့သည့်အပြင် မြေကျွံပေါက်များ ဖြစ်ပေါ်လာခြင်းကြောင့် မြို့တော် ကင်ရှာဆာနှင့် အဓိက ပင်လယ်ဆိပ်ကမ်းမြို့ မာတာဒီကို ဆက်သွယ်ပေးထားသော နံပါတ် ၁ အမျိုးသားလမ်းမကြီး (N1) အပါအဝင် အိမ်နှင့် လမ်းများမှာ လုံးဝပျက်စီးသွားကြောင်း သိရသည်။

ကျန်းမာ‌ရေးဝန်ကြီးဌာန၏ စစ်တမ်းကောက်ယူချက်အရ သေဆုံးသူဦးရေမှာ စုစုပေါင်း ၁၄၁ ဦး ရှိသော်လည်း အခြားဌာနများနှင့် အပြန်အလှန် စစ်ဆေးရန် လိုအပ်ကြောင်း ကျန်းမာရေး ဝန်ကြီး Jean-Jacques Mbungani Mbanda က ရိုက်တာသို့ ပြောခဲ့သည်။

“နံပါတ် ၁ အမျိုးသားလမ်းမကြီးမှာ မြေကျွံပေါက်ကြီးတစ်ခု ဖြစ်သွားတယ်။ ခြေလျင်လျှောက်တဲ့သူတွေပဲ ဖြတ်သွားလို့ရတယ်။ ရေက လမ်းကို ဘယ်လိုလုပ်လို့ အပေါက်ကြီးဖြစ်အောင် တိုက်စားသွားလဲဆိုတာတော့ ကျွန်တော်တို့လည်း နားမလည်ပါဘူး” ဟု ဒေသခံ Gabriel Mbikolo က ပြောသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here