မန္တလေးတွင် ယနေ့နံနက်အစောပိုင်းက အင်အားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်သွားကာ ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့

0
357

မန္တလေးတိုင်းအတွင်း၌ ဒီဇင်ဘာ ၁၅ ရက်(ယနေ့) နံနက်အစောပိုင်းက အင်အားအသင့်အတင့်ရှိသည့် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့သည်ဟု မန္တလေးတိုင်းအတွင်းနေထိုင်သူများထံမှ သိရသည်။

ယနေ့နံနက် ၃ နာရီ ၁၆ မိနစ် ၃၅ စက္ကန့်တွင် မန္တ လေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက်(၁၅)မိုင်ခန့်အကွာ တံတားဦးမြို့၏ အရှေ့ဘက်(၄)မိုင်ခန့်အကွာအားဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၅ ဒသမ ၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်ခတ်သွားသည်ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။

“ငလျင်လှုပ်တာတော်တော်ကြမ်းတယ် ကြက်သီးတောင်ထတယ် အိပ်နေရင်းနဲ့ အိမ်ကြီးကလှုပ်သွားတာ ပထမလေတိုက်လို့လှုပ်တယ်ထင်လိုက်သေးတယ် နောက်မှငလျင်လှုပ်မှန်းသိတာ ပစ္စည်းတွေလည်းပြုတ်ကျကုန်တယ်”ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ငလျင်လှုပ်ခတ်မှုအား မန္တလေးတိုင်းရှိ အောင်မြေသာစံ၊ချမ်းအေးသာစံ၊မဟာအောင်မြေ၊ချမ်းမြသာစည်၊ပြည်ကြီးတံခွန်၊အမရပူရ၊ပုသိမ်ကြီး၊မတ္တရာ၊သပိတ်ကျင်း၊ပြင်ဦးလွင်၊တံတားဦးမြို့နယ်များတွင် နေထိုင်သူများသိရှိခံစားခဲ့ရကြောင်း သိရသည်။

“အခုမနက်ကြားရသလောက်ဆိုရင် မင်းကွန်းခေါင်းလောင်းကြီးမှာရှိတဲ့ ခြင်္သေ့ရုပ်ထုရဲ့လက်မောင်းရင်းက အရင်အက်ကြောင်းထနေတဲ့နေရာကနေ တစ်ခြမ်းပဲ့ကျသွားတယ် တချို့မြို့နယ်တွေမှာလည်း ပျက်စီးမှုအနည်းအကျဥ်းရှိတယ်လို့ကြားတယ်”ဟု မန္တလေးတိုင်းအခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ငလျင်လှုပ်ခပ်မှုဖြစ်စဥ်ကြောင့် ပြည်ကြီးတံခွန်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းဝင်းတစ်ခုအတွင်း၌ တည်ထားကိုးကွယ်သည့် စေတီတော်၏ စိန်ဖူးတော်မြေခခဲ့သည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

“လတ်တလောကတော့ ကျွန်တော်တို့အသင်းက ပျက်စီးမှုတွေရှိရင်ကူညီလို့ရအောင်လိုက်ကြည့်နေပါတယ် ပျက်စီးမှုရှိတယ်လို့ သတင်းရတဲ့နေရာတွေကို အသင်းကလူတွေခွဲပြီးကြည့်နေကြတယ် တစ်ချို့ကလည်းကူညီပေးနေပြီလို့ အကြောင်း ကြားတယ်”ဟု မန္တလေးတိုင်းအခြေစိုက် လူမှုကူ ညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here