အီလွန်မတ်စ်ကို ကျော်၍ ကမ္ဘာ့အချမ်းသာဆုံးဖြစ်လာသည့် ဘဲရ်နာ အာနိုး

0
223

ပြင်သစ် ဇိမ်ခံပစ္စည်းကုမ္ပဏီကြီး ဖြစ် သောLVMH ဥက္ကဌ ဘဲရ်နာ အာနိုးသည် ဘလွန်းဘတ်၏ ကမ္ဘာ့အချမ်းသာဆုံးလူစာရင်းတွင် အီလွန်မတ်စ်ကို ကျော်၍ နံပတ်တစ်နေရာသို့ ရောက်ရှိလာခဲ့သည်။

အာနိုး၏ ကြွယ်ဝချမ်းသာမှုသည် အမေရိကန်ဒေါ်လာ ၁၇၁ ဘီလျံဖြစ်ပြီး အီလွန်မတ်စ်၏ ကြွယ်ဝချမ်းသာမှုမှာ ကန်ဒေါ်လာ ၁၆၄ ဘီလျံ သာရှိကြောင်း ဘလွန်းဘတ်၏ ဘီလျံနာ အညွှန်းကိန်း အချက်အလက်များက ဖော်ပြထားသည်။

ထို့ပြင် အာနိုးသည် ဘလွန်းဘတ်က သတ်မှတ်သည့် ကမ္ဘာ့အချမ်းသာဆုံး နံပတ် တစ် နေရာကို ရယူနိုင်ခဲ့သည့် ပထမဆုံး ဥရောပတိုက်သားလည်း ဖြစ်လာသည်။

အသက် ၇၃ နှစ်အရွယ် အာနိုသည် ဇိမ်ခံပစ္စည်း ကုန်အမှတ် တံဆိပ်များဖြစ်သော လူဝီဗူတွန်နှင့် တစ်ဖနီတို့ကို ပိုင်ဆိုင်သည့် LVMH ၏ ရှယ်ယာ ၄၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူဖြစ်သည်။

တွစ်တာကုမ္ပဏီအား ဝယ်ယူခဲ့မှုအပြင် တက်စလာ၏ စတော့ရှယ်ယာဈေးများ သိသိသာသာ ထိုးကျလာသောကြောင့် မတ်စ်၏ အသားတင် ပိုင်ဆိုင်မှုမှာ ယခုနှစ်အတွင်း ဒေါ်လာ ၁၀၇ ဘီလျံအထိ ကျဆင်းသွားခဲ့သည်ဟု ဘလွန်းဘတ်က ဖော်ပြထားသည်။

တက်စလာ၏ ရှယ်ယာဈေးနှုန်းမှာ ယခုနှစ်အတွင်း ၅၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သော်လည်း LVMH မှာမူ အမေရိက နှင့် ဥရောပတွင် ပုံမှန်ဝယ်လိုအား ရှိနေသဖြင့် ၎င်း၏ စတော့ရှယ်ယာ ဈေးမှာလည်း တည်ငြိမ်လျက်ရှိသည်။

ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှုများ သိသာစွာ မြင့်တက်လာသော်လည်း လူချမ်းသာများ၏ ဈေးဝယ်ထွက်သည့် အမူအကျင့်မှာ ပြောင်းလဲမှုမရှိသောကြောင့် ဇိမ်ခံပစ္စည်း ရောင်းဝယ်ရေး ဈေးကွက်မှာလည်း တည်ငြိမ်မြဲ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here