ဇာတ်ညွှန်းအသစ်ကြောင့် စူပါမင်းအဖြစ် ပြန်လာတော့မည် မဟုတ်‌ဟု ဟင်နရီ ကာဗီးလ် ပြောလာ

0
228

Guardians of the Galaxy ၏ ကြိုးကိုင်ဒါရိုက်တာနှင့် ဒီစီ စတူဒီယို၏ တွဲပူးတွဲဥက္ကဌအသစ်ဂျိမ်းစ်ဂန်း ရေးသားနေသော စူပါမင်း ဇာတ်လမ်းသစ်များတွင် သရုပ်ဆောင် ဟင်နရီ ကာဗီးလ် ပါဝင်မည် မဟုတ်ကြောင်း သိရသည်။

Black Adam ဇာတ်လမ်း ထွက်ပေါ်လာပြီးနောက် မကြာသေးမီကမှ ဟင်နရီ ကာဗီးလ်ကိုယ်တိုင် စူပါမင်း အဖြစ် ပြန်လာမည်ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပြီးနောက် ယင်းကဲ့သို့ ဖြစ်သွားခြင်းဖြစ်သည်။

အကြောင်းရင်းမှာ ဂျိမ်းစ်ဂန်း၏ ဇာတ်လမ်းအသစ်များသည် ဒေလီး ပလန်းနက်တွင် သတင်းထောက်အဖြစ် သရုပ်ဖျက်နေထိုင်ရင်း ဟီရိုးတာဝန်ထမ်းဆောင်မည့် စူပါမင်း၏ ငယ်ဘဝအကြောင်းကို ဦးတည်၍ ရိုက်ကူးမည် ဖြစ်သောကြောင့် ဖြစ်သည်။

ကာဗီးလ်က ဂျိမ်းစ်ဂန်းနှင့် ပူးတွဲဥက္ကဌ ပီတာ ဆာဖရန်တို့သည် စူပါမင်း ဇာတ်ကောင်နှင့် ပတ်သက်၍ အကျိုးအကြောင်း‌ ပြောပြရန်အတွက် သူနှင့် တွေ့ဆုံခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် အင်စတာဂရမ်ပေါ်၌ ရေးသားခဲ့သည်။

“နောက်ဆုံးတော့ ကျွန်တော်ဟာ စူပါမင်းအနေနဲ့ ပြန်မလာနိုင်တော့ပါဘူး၊ စတူဒီယိုက အောက်တိုဘာလမှာ စူပါမင်းအနေနဲ့ ပြန်လာဖို့ ကြေညာခိုင်းပြီးနောက်ပိုင်း ဒီသတင်းမျိုး ကြားလိုက်ရတာက တကယ်ကို မလွယ်ကူပါဘူး၊ ဒါပေမဲ့ ဘဝဆိုတာ ဒီလိုမျိုးပဲလေ။ ဒီလို ဇာတ်ကောင်ပြောင်းလဲတယ်ဆိုတာက ဖြစ်လေ့ရှိတဲ့ အရာမျိုးပါ။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော် လေးစားပါတယ်။ ဂျိမ်းစ်နဲ့ ပီတာမှာ စူပါဟီးရိုး ယူနီဗက်စ် တည်ဆောက်ရမယ့် တာဝန်ရှိပါတယ်။ အဲဒီ ယူနီဗက်စ်အသစ်မှာ ပါဝင်မယ့်သူရော သူတို့နှစ်ဦးအတွက်ပါ အကောင်းဆုံးနဲ့ အပျော်ရွှင်ဆုံး တွေရရှိဖို့ ဆုတောင်းလိုက်ပါတယ်။ စူပါမင်း ဝတ်ရုံ ဝတ်ရမယ့် ကျွန်တော်ရဲ့ အလှည့်က ကုန်ဆုံးသွားပေမယ့် စူပါမင်းရဲ့ ရပ်တည်ချက်တွေကတော့ ဘယ်တော့မှာပြောင်းလဲမှာ မဟုတ်ပါဘူး။ စူပါမင်းအနေနဲ့ သရုပ်ဆောင်ရင်း ခင်ဗျားတို့အားလုံးနဲ့အတူ ပျော်ခဲ့ရပါတယ်” ဟု ဟန်နရီ ကာဗီးလ်က ရေးသားခဲ့သည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here