ကွမ်းယာရောင်းနေသည့် အမျိုးသား ၂ ဦး သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရမှု အမရပူရမြို့နယ်တွင်ဖြစ်ပွား

0
371

မန္တလေးတိုင်း၊အမရပူရမြို့နယ်၊မှန်တန်းရပ်ကွက်တွင် ကွမ်းယာရောင်းနေသည့် အမျိုးသား ၂ ဦးသေနတ်ဖြင့်ပစ်သတ်ခံခဲ့ရမှု ဒီဇင်ဘာ ၂၀ ရက် (ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၀ နာရီခွဲကျော်ခန့်က ဆိုင်ကယ်စီးလာသည့် အမည်မသိအမျိုးသား ၂ ဦးက အမရပူရမြို့နယ်၊မှန်တန်းရပ်ကွက်၊ကွမ်းသီးတန်းလမ်းရှိ “ကံပွင့်”ကွမ်းယာဆိုင်သို့ ရောက်ရှိလာကာ ကွမ်းယာရောင်းနေသည့် ဦးနေမျိုးအောင်(၄၀)နှစ်နှင့်မောင်စည်သူဝင်းအောင်(၂၂)နှစ်တို့အား သေနတ်ဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ဦးနေမျိုးအောင်တွင် နားထင်ကျည်ဖောက်ဝင်၊မောင်စည်သူဝင်းအောင်တွင် ရင်ညွန့်ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“ပစ်ခတ်မှုမှာ ၅ ချက်လောက်ပစ်ပြီး ဆိုင်ကယ်ကိုမောင်းပြေးသွားတယ်လို့ သိထားတယ် အခုသေနတ်နဲ့ပစ်ခံရတဲ့ နှစ်ယောက်က တူဝရီးတော်တယ် တာဝန်ရှိတဲ့လူတွေ စစ်ဆေးနေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ကျည်ဖောက်ဝင်ဒဏ်ရာများရရှိကာ သေဆုံးခဲ့သူ ၂ ဦး၏ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းကားများဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ လုံခြုံရေးအဖွဲ့ဝင်များမှလည်း ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here